ချောက်၊ ဩဂုတ် ၂၃၊ ၂၀၂၅။
မကွေးတိုင်း၊ ချောက်မြို့ပေါ်နဲ့ မြို့အနီးကျေးရွာတွေမှာ သြဂုတ်လအတွင်း စစ်ကော်မရှင်တပ်က ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပြီး ဖမ်းမိသူတွေကိုလည်း သိန်းဆယ်နဲ့ချီတောင်းကာ ပြန်ရွေးခိုင်းနေတယ်လို့ ချောက်မြို့ခံတွေဆီက သိရပါတယ်။
ချောက်မြို့ပေါ် နဲ့ အုံမြှားကြီးရွာ၊ ကျောက်တဲရွာတွေအပါ မြို့အနီးရှိကျေးရွာတွေက အသက် ၄၀ ဝန်းကျင် အမျိုးသားတွေ ဖမ်းဆီးခံခဲ့ရပြီး ဩဂုတ် ၁ ရက်ကနေ ၂၃ ရက်အတွင်း ဖမ်းခံရသူဦးရေ စုစုပေါင်း ၆၀ ဦးလောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
“ချောက်မြို့ပေါ်ကအပြင် ရွာဘက်တွေကလည်း ပါသွားတာ၊ ကျမတို့အိမ်နားကကို ၂ ဦးပါသွားတယ်၊ အဓိကတော့ ပိုက်ဆံပေးရင်လွှတ်တယ်၊ တခါတော့ လွှတ်မှာပဲ၊ လူတွေလည်း တခါပဲပေးနိုင်မှာပဲ၊ သိန်း ၃၀ တောင်းတာလည်းရှိတယ်၊ သိန်း ၆၀၊ သိန်း ၈၀၊ သိန်း ၅၀ တောင်းတာလည်းရှိတယ်၊ မပေးနိုင် ပါပေါ့၊ ဒါပဲရှိတော့တယ်” လို့ ချောက်မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။
မြို့ပေါ်မှာဖမ်းမိသူတွေကို ငွေကျပ်သိန်း ၂၀ ကနေ ၈၀ အတွင်းတောင်းကာ ပြန်ရွေးခိုင်းပြီး ကျေးရွာဘက်တွေက ဖမ်းဆီးခံရသူတွေကိုတော့ ငွေကျပ်သိန်း ၁၀၀ ကျော်က စတင်တောင်းနေတာလို့လည်း သူကဆက်ပြောပါတယ်။
“တပ်စွဲနေတာတော့ မရှိဘူး၊ ပတ်ပြီးဖမ်းတာ၊ နောက်ဆုံးလူပို့ခါနီးမှာ ဆွဲတာက ကျောက်တဲရွာဘက်မှာ တော်တော်ဆွဲသွားတယ်၊ အုံမြှားကြီးရွာဘက်ကလည်း ပါသွားတယ်၊ ပြန်လိုချင်လို့ တောင်းရင်းလည်း ရွာတွေဘက်ကို (ပိုက်ဆံ)တော်တော်များများတောင်းတယ်၊” လို့ ဆိုပါတယ်။
ဖမ်းဆီးထားတဲ့သူတွေကို ချောက်မြို့ စစ်ကွင်းရပ်ကွက် ခလရ ၁၃ မှာအရင်ထားရှိပြီးနောက် ရှမ်းပြည်နယ်၊ ကျိုင်းတောင်း (အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း) သင်တန်းကျောင်းကိုပို့ပြီး စစ်သင်တန်းတက်ခိုင်းတယ်လို့သိရကြောင်း သူကဆက်ပြောပါတယ်။
ခုလိုပေါ်တာဆွဲဖမ်းဆီးမှုတွေရှိနေတာကြောင့် ည ၈ နာရီထိုးရင် ဒေသခံတွေ အသွားအလာနည်းသွားကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လပိုင်းမှာလည်း ချောက်မြို့နဲ့ အနီးတဝိုက်ကျေးရွာတွေက ဒေသခံတွေကို စစ်ကော်မရှင်တပ်က အဓမ္မဖမ်းဆီးပြီး ရှမ်းပြည်တောင်ပိုင်း သင်တန်းကျောင်းကို စစ်သင်တန်းလုပ်ဖို့ပို့ဆောင်ခဲ့ကာ တချို့ကိုလည်း ရှေ့တန်းကိုပို့ခံခဲ့ရတယ်လို့ ချောက်မြို့ခံ အမျိုးသမီးတဦးဆီက သိရပါတယ်။
စာတည်း – လင်း