myaelatt athan

Sharing Information to the Local

ဝက်လက်မှာလက်နက်ကြီးထိလို့ အမျိုးသမီး ၁ ဦးသေဆုံး

0 24
0 24

ဝက်လက်၊ ဩဂုတ် ၂၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာနန်းကျေးရွာမှာ စစ်ကော်မရှင်တပ်တွေပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရတယ်လို့ ရွာခံတွေဆီက သိရပါတယ်။

ဩဂုတ် ၂၁ ရက်မနက် ၁၀ နာရီ မိနစ် ၄၀ ခန့်မှာ ဆားတောင်ရဲစခန်းကနေ ၁၂၀ မမ လက်နက်ကြီး တလုံးပစ်ခတ်ခဲ့ရာ ရွာနန်းရွာရဲ့အနောက်တောင်ထောင့်ရှိ နေအိမ်အနီးရေတွင်းနားကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“ရေချိုးနေတဲ့ တွင်းနှစ်တွင်းနားကိုကျတာ။ အိမ်ဝန်းထဲကရေတွင်း။ ဖြစ်ဖြစ်ချင်း နို့တိုက်မိခင်ကတော့ တခါတည်းအူထွက်ပြီး ပွဲချင်းပြီးသွားတယ်။ ဆုံးတဲ့သူနဲ့ဒဏ်ရာရသူတွေက ရေချိုးနေချိန် ထိကြတာ”လို့ ရွာခံတဦးက ပြောပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အသက် ၂၉ အရွယ် မထူးထူးမွန်ဆိုသူဟာ သေဆုံးသွားပြီး သူ့မှာကလေးမွေးထားတာ ၂ လခန့်သာရှိသေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မထူးမွန်ရဲ့ ဖခင်ဖြစ်သူ အသက် ၆၄ နှစ်အရွယ် ဦးညိုမောင် ခြေဖမိုးပြတ်ထွက်ဒဏ်ရာ၊ ၆၁ နှစ်အရွယ် ဒေါ်ဝင်းမြိုင် ပေါင်စုတ်ပြဲဒဏ်ရာတွေရရှိသွားတဲ့အတွက် ဆေးကုသနေရတယ်လို့ သိရပါတယ်။

ရွာနန်းကျေးရွာက အိမ်ခြေ ၁,၀၀၀ ခန့်ရှိတဲ့ကျေးရွာဖြစ်ပြီး ၂၀၂၂၊ မတ်လအတွင်းက စစ်ကြောင်းဝင်ရောက် မီးရှို့လို့ အိမ်ခြေ ၃၀၀ ကျော်မီးလောင်ပျက်စီးခဲ့သေးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်ပြီးနောက် စစ်ကြောင်းထိုးလာနိုင်တာကြောင့် ဝက်လက်မြို့နယ်ထဲက ရွာနန်း၊ ရွာသစ်၊ ညောင်ပင်ကြီးတော၊ စစ်ကိုင်းမြို့နယ်ထဲက သိမ်ကျောင်း၊ မြင်းကြွ၊ ကူကြီးကုန်း၊ လင်းတလူး၊ ကျားမင်းကြီး၊ ကျော်ဇေယျ၊ ရှမ်းကုန်းကျေးရွာတွေက ဒေသခံ ၇,၀၀၀ နီးပါး ကျေးရွာကနေ ယာယီတိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက် မနက် ၁၀ နာရီလောက်မှာလည်း ဝက်လက်မြို့နယ်၊ နဘဲပင်လှရွာ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး ၂ လုံးကြဲချတာကြောင့် ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံ ပျက်စီးခဲ့ပြီး သက်တော် ၇၀ အရွယ်သံဃာ ၁ ပါး နဲ့ အမျိုးသား ၁ ဦး၊ ၁၀ နှစ်အရွယ် ကိုရင် ၁ ပါး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။