ကန့်ဘလူ၊ ဩဂုတ် ၁၉၊ ၂၀၂၅ ။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ကျေးရွာ ၄ ရွာကို စစ်တပ်က မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၀၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ ပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။
ဩဂုတ် ၁၅ ရက်မှာ ငါတို့ကျေးရွာကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ပျူစောထီး ပူးပေါင်းအင်အား ၃၀၀ ကျော်ပါစစ်ကြောင်းဟာ ဩဂုတ် ၁၇ နဲ့ ၁၈ ရက်တွေမှာ ကိုင်းရိုး၊ သရက်တာ၊ အင်္ဂါဒေါင့်ကျေးရွာတွေကို ၂ ရက်ဆက်တိုက်မီးရှို့ခဲ့ပြီး ဩဂုတ် ၁၉ ရက် ဒီကနေ့မှာ ကျေးပင်အက်ရွာကိုရောက်ရှိကာ မီးထပ်ရှို့နေတာလို့ ဆိုပါတယ်။
” သူတို့စိုးမိုးထားတဲ့ နယ်မြေမဟုတ်တော့ ရွာတွေမှာ ကျနော်တို့ရှိနေတယ်လို့ သူတို့ယူဆမယ်။ ပြည်သူနဲ့တော်လှန်ရေးအဖွဲ့ကို ရန်တိုက်ပေးဖို့လုပ်တာ။ တော်လှန်ရေးအဖွဲ့တွေကို မထောက်ပံ့နိုင်အောင် လုပ်တာ။ တိုက်ပွဲတွေဖြစ်ပြီးမှ ရွာတွေကို မီးရှို့တာ”လို့ ကန့်ဘလူခရိုင်ပကဖပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
စစ်ကော်မရှင်စစ်ကြောင်း မီးရှို့လို့ ကိုင်းရိုးရွာက နေအိမ် ၅ လုံး၊ သရက်တာနဲ့ အင်္ဂါဒေါင့်ကျေးရွာက နေအိမ်အလုံး ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ကျေးပင်အက်ကျေးရွာပျက်စီးဆုံးရှုံးမှု အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေအကြား ဩဂုတ် ၁၅ ရက်ကနေ ၁၉ ရက်အထိ ၄ ရက်အတွင်း ယမားကျေးရွာ၊ သရက်တောနဲ့ အင်္ဂါဒေါင့်ကျေးရွာ၊ ကျေးပင်အက်ကျေးရွာတွေအနီးမှာ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် အခုလို ရွာတွေကို မီးရှို့နေတာလို့ သိရပါတယ်။
စစ်ကြောင်းဟာ ဒီကနေ့ညနေပိုင်းအထိ ကျေးပင်အက်ကျေးရွာ အနီးဝန်းကျင်မှာရှိနေသေးပြီး စစ်ကြောင်းထိုးလာတာ၊ တိုက်ပွဲဖြစ်ပွားတာတွေနဲ့ နေအိမ်မီးရှို့တာတွေကြောင့် အိမ်ခြေ ၂၀၀ ကနေ ၃၀၀ ကျော်ထိရှိတဲ့ ကိုင်းရိုး၊ ကျေးပင်အက်၊ အင်္ဂါဒေါင့်၊ သရက်တာ၊ ကျွန်းပင်ကုန်း၊ ယမ၊ ယသစ်၊ ထိန်တောအပါအဝင် ကျေးရွာ ၁၂ ရွာခန့်က ဒေသခံ ၁၀,၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။