ရွာ ၈ ရွာဗုံးကြဲခံထားရပြီး လူ ၁၀ ဦးထက်မနည်းသေဆုံး
ကျော်ကြီး၊ ဒိန်းဂျား
မြေလတ်အသံ၊ ဩဂုတ် ၁၉၊ ၂၀၂၅။
မကွေးတိုင်း၊ ဆိပ်ဖြူနဲ့ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲချခဲ့တာကြောင့် လူ ၁၀ ဦးထက်မနည်းသေဆုံးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဩဂုတ် ၁၉ ရက် ဒီကနေ့မနက် ၁၁ နာရီခွဲခန့်မှာ ဆိပ်ဖြူမြို့နယ် ပိုင်းရွာ၊ ဝန်ကြီး၊ ရှားလှ၊ ကျွန်းတာ၊ အိုင်ကြီးနဲ့ ကျွန်းချောင်းကျေးရွာတွေကို Y12 လေယာဥ် ၁ စီးနဲ့ ဗုံးအလုံး ၂၀ ခန့်ကြဲချသွားခဲ့ပြီး လူနေအိမ်တွေပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြေပြင်အခြေအနေကိုသိရှိသူတဦးက မြေ လတ်အသံကို ပြောပါတယ်။

လတ်တလောကောက်ယူထားရတဲ့စာရင်းတွေအရ ဗုံးကြဲခံရတာကြောင့် ဝန်ကြီးရွာက အမျိုးသမီး ၁ ဦး၊ ရှားလှရွာက ကလေး ၁ ဦးအပါ ၄ ဦး၊ ကျွန်းချောင်းရွာက ၅ ဦး စုစုပေါင်း ၁၀ ဦးသေဆုံးထားကာ ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိပြီး သေဆုံးထိခိုက်သူတွေရဲ့ အချက်အလက်တွေကို ဆက်လက်ကောက်ယူဆဲဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ဩဂုတ်တတိယအပတ်ကစပြီး ဆိပ်ဖြူနယ်ထဲကို စစ်အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေတာကြောင့် ပိုင်းရွာ၊ ဝန်ကြီး၊ ရှားလှ၊ ကျွန်းတာ၊ အိုင်ကြီး၊ ကျွန်းချောင်း၊ ဖလံမ၊ ကန်စွန်းမ၊ သုံးလံပြည့်ရွာတွေအပါ ၁၀ ရွာထက်မနည်းက ဒေသခံ ၁၀,၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး ဒီကနေ့မှာ အဲ့ဒီကျေးရွာတွေကို လေကြောင်းက ထပ်မံဗုံးကြဲခဲ့တာလည်းဖြစ်ပါတယ်။

အလားတူ ပေါက်မြို့နယ်၊ ပန်းတောကန်ရွာ၊ ချက်ကန်ရွာနဲ့ တည်ပင်ကန်ရွာတွေကို ဩဂုတ် ၁၈ ရက် ယမန်နေ့ည ၇ နာရီခန့်မှာ Y 12 လေယာဥ်နဲ့ ဗုံး ၆ လုံးထက်မနည်းကြဲချခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ပန်းတောကန်ရွာက အရပ်သားအမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ပန်းတောကန်နဲ့ ချက်ကန်ရွာတွေက ဒဏ်ရာရရှိသူ ၄ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

” Y12 က တခါလာလို့ရှိရင် အကြိမ် ၂၀ လောက်ထိချတယ် တခါချရင် အတွဲလိုက်တွေ ၆လုံး၊ ၇လုံး၊ ၅လုံး၊ ၃လုံး အဲ့တာမျိုးတွေချတာပေါ့ ။ ပတ်ကြဲ ပတ်နေတာပေါ့ သူတို့ချချင်တဲ့နေရာကိုချတာပေါ့၊ အခုထိ ဝဲနေတုန်းပါပဲ ” လို့ ပေါက်မြို့နယ်လူသားစာနာတာဝန်ရှိသူတဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျူတော၊ ကြအို့၊ ပေခုနှစ်ပင်၊ ခင်ရှည်၊ ပန်းတောကန်၊ တည်ပင်ကန်၊ မှန်ထောင်ကွင်း၊ ဖိုးဖြူလုံးကန်၊ သမားတော်၊ ယင်းမာကုန်း၊ ရေပြာ၊ ဘုရားတောင်ရွာတွေက ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ဩဂုတ် ၁၈ ရက်ကစတင်ကာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးမြို့ကို ရောက်ရှိနေပြီး မကွေးတပ်နယ်က ၎င်းရဲ့လက်အောက်တပ်ဖွဲ့ဝင် မိသားစုတွေကို တွေ့ဆုံကာ မြသလွန်ဘုရားကို သွားရောက်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
၎င်းရောက်ရှိတဲ့ ယမန်နေ့ကစတင်ကာ မကွေးမြို့ကို လုံခြုံရေးတင်းကျပ်ထားသလို မင်းဘူးနဲ့ စကုမြို့နယ်တွေမှာ စစ်ကြောင်းတွေထိုးနေလို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင် ဆိပ်ဖြူနဲ့ ပေါက်မြို့နယ်တွေကိုလည်း လေယာဥ်တွေနဲ့ ဗုံးဆက် တိုက်ကြဲချနေတာလည်း ဖြစ်ပါတယ်။
ပုံစာ – မကွေးမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် နှင့် လေယာဥ်ဗုံးကြဲခံရမှုကြောင့် သေဆုံးနေတဲ့ ဆိပ်ဖြူမြို့နယ် ရှားလှရွာဒေသခံများ။
စာတည်း – ဟိန်းစံ