myaelatt athan

Sharing Information to the Local

ရွှေကျင်မြို့နယ်ထဲမှာ စစ်ဘေးရှောင် ၁ သောင်းကျော်အထိရှိနေပြီး ကူညီသူနည်းပါးနေ

ပေါင်းတည်၊ မတ် ၁၅၊ ၂၀၂၃။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ထဲမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသူ စစ်ဘေးရှောင် ၁ သောင်းကျော်အထိ ရှိနေပြီး ကူညီသူနည်းပါးနေတယ်လို့ သိရပါတယ်။

မတ်လ ဒုတိယအပတ်က စတင်ပြီး စစ်ကောင်စီတပ်က ရွှေကျင်မြို့နယ်ထဲကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးပစ်ခတ်နေလို့ ကျေးရွာပေါင်း ၂၀ လောက်က ဒေသခံ ၁ သောင်းကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“အရင်လက တိုက်ပွဲတွေကြောင့် ရှောင်နေရသူတွေရှိသလို ဒီရက်ပိုင်း ပုဇွန်မြောင်းမှာ ထပ်ဖြစ်တဲ့တိုက်ပွဲကြောင့် ထပ်ပြေးရသူတွေလည်း ရှိတယ်။ စားဝတ်နေရေးအတွက်ကလည်း ကိုယ်ထူကိုယ်ထပဲ ကူညီသူမရှိဘူး။ မြို့ပေါ်စစ်ရှောင်တွေအတွက်ကတော့ ကူညီသူ နည်းနည်းပါးပါးရှိပေမယ့် တောတောင်နဲ့ ရွာတွေဘက် ပြေးနေရသူတွေကတော့ ကိုယ့်ဝမ်းကိုယ်ရှာစားပဲ။ စားသောက်ဖို့ ကုန်သွားရင် အခြေနေကြည့် အိမ်ပြန် ရှိတဲ့ပစ္စည်းတွေယူပြီး ပေါင်နှံစားနေရတယ်” လို့ ပြောပါတယ်။

ပုံစာ – မတ်လ ၁၀ ရက်နေ့ တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံပြည်သူတွေ ဆေးကုသမှု ခံယူနေပုံ

မတ်လ ၁၀ ရက်နေ့က သရက်ချောင်းစံဖဲရွာနဲ့ ဝိုင်ကျွန်းကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ KNU၊ PDF ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲကြောင့် ဒေသခံအမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့လို့ ရွှေကျင်ဆေးရုံမှာ တက်ရောက်ဆေးကုသနေရတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ရွှေကျင်မြို့နယ်အတွင်းက ပဒဲဂေါ၊ ကော်သာစေး၊ ညောင်အိုင်၊ လက်ကောက်ဝ၊ မအူပင်၊ သံစိပ်ရွာမ၊ သရက်ချောင်းစံဖဲရွာ၊ အင်းဝိုင်း၊ ပြင်ရေ၊ ဝိုင်ကျွန်၊ အင်ဂနီ၊ သံစိပ်၊ ပုဇွန်မြောင်း၊ မဘီ၊ ဘောကထာ၊ သက္ကယ်ကုန်း၊ ထောင်လောင်၊ ညောင်အိုင်၊ ဝိုင်ရွာနဲ့ သိုက်တူးကန်စတဲ့ ကျေးရွာ ၂၀ က ဒေသခံတွေ စစ်ရှောင်ထွက်ပြေးနေရတာပါ။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNU၊ PDF တပ်တွေအကြား တိုက်ပွဲပေါင်း ၅၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေသလို အရပ်သားပြည်သူတွေလည်း ထိခိုက်သေဆုံးဒဏ်ရာရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။