ရွှေတောင်၊ ဩဂုတ် ၁၆၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ဘို့လည်ကုန်းကျေးရွာအနီး ရန်ကုန်-ပြည်လမ်းပေါ်မှာ ကား ၂ စီး မျက်နှာချင်းဆိုင်တိုက်ခဲ့တာကြောင့် ၁၆ ဦးဒဏ်ရာရတယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။
ဩဂုတ် ၁၅ ရက် နေ့လယ် ၂ နာရီခန့်မှာ ရွှေတောင်မြို့ဘက်ကနေ ဇီးကုန်းမြို့ဘက်ကို မောင်းနှင်လာတဲ့ လိုက်ထရပ်ယာဥ်နဲ့ ဇီးကုန်းမြို့ဘက်ကနေ ရွှေတောင်မြို့ဘက်ကို မောင်းလာတဲ့ အန်စာတုံး ခရီးသည်ပို့ဆောင်ယာဥ်တို့ တိုက်မိခဲ့ကြတယ်လို့ ဆိုပါတယ်။
“လမ်းလယ်ခေါင်မှာ တိုက်ကြတာပဲ။ ဘယ်သူက မှားလဲ ဘယ်သူကမှန်လဲတော့ မသိဘူး။ အောင်လံဘက်ကနေ ဇီးကုန်းပြန်တဲ့ကားနဲ့ ၁ စီးက ကိုရီးယား(အန်စာတုံး)ကား။ ကားပေါ်မှာတော့ ခရီးသည်မပါဘူး။ လူနာက လိုက်ထရပ်ပေါ်ကများတယ်”လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးကပြောပါတယ်။

လိုက်ထရပ်ပေါ်မှာ ယာဥ်မောင်းအပါအဝင် လူ ၁၅ ဦးပါပြီး အန်စာတုံးခရီးသည်တင်ယာဥ်ပေါ်မှာတော့ ယာဥ်မောင်း ၁ ဦးသာပါကာ ယာဥ်တိုက်မှုကြောင့် ကား ၂ စီးပေါ်ပါ အသက် ၄၀ ကနေ ၆၀ ကြား အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၆ ဦးဒဏ်ရာရခဲ့ပါတယ်။
လိုက်ထရပ်ယာဥ်ပေါ်ပါသူတွေက ဇီးကုန်းမြို့ခံတွေဖြစ်ပြီး အောင်လံမြို့ဘက်က အလှူတခုကိုသွားပြီး နေထိုင်ရာမြို့ကိုပြန်လာချိန်မှာ ယာဥ်တိုက်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ယာဥ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၆ ဦးကို ဒေသလူမှုကူညီရေးအသင်းတွေက ရွှေတောင်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး အဲဒီထဲက စိုးရိမ်ရ လူနာ ၆ ဦးကို ပြည်ဆေးရုံကို လွှဲပြောင်းကုသခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် မတ် ၂၂ ရက်နေ့က ရွှေတောင်မြို့နယ်၊ စိုက်ပျိုးရေးရွာသစ်ကျေးရွာအနီး ရန်ကုန်-ပြည်လမ်းပေါ်မှာ ဘုရားဖူးယာဥ်တိမ်းမှောက်ပြီး ၄ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း