မုံရွာ၊ ဩဂုတ် ၁၅၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းမှာ မုံရွာကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ၄ ရက်ဆက် တိုက်ခိုက်ခံရတာကြောင့် သေဆုံးသူများခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဩဂုတ် ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် ၈ ရက်ကနေ ၁၁ ရက်အထိ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ထနောင်ဝန်း၊ ကျောက္ကာတောင်၊ ရေနံကုန်း၊ ရွာတုံ၊ ကျောက္ကာမြောက်တို့မှာ မိုင်းဆွဲတိုက်ခိုက်၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်တာအပါအဝင် ကြားဖြတ်တိုက်ခိုက်တာတွေပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့က စစ်ကြောင်းထွက်တော့မယ့်သတင်းက ကြိုရတယ်။ အဲဒီမှာ သတင်းအနေနဲ့ရထားတော့ သူတို့ထွက်လာနိုင်မယ့်လမ်းတွေကို မိုင်းဆင်လိုက်တာ။ မိုင်းဆင်လာတာဆိုတော့ လမ်းကြောင်းထွက်လာတာနဲ့ တိုက်မိုင်းမိတာ။ လမ်းတလျှောက်လုံးမိုင်းတွေကြီးဘဲ။ နောက်ပြန်ဆုတ်ပြီး ဆက်တက်လာတော့ အဲဒီနေ့မှာ ကြိုကြားကြိုကြားထိတွေဖြစ်တာ”လို့ မုံရွာမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။


ဩဂုတ် ၈ ရက်မှာ မုံရွာမြို့ထဲကနေ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ကို ထနောင်ဝန်းကျေးရွာနားမှာ မိုင်းဆွဲတိုက်ခိုက်မှု ၁ ကြိမ်ပြုလုပ်ပြီးနောက် ဆက်တက်လာတဲ့ စစ်ကြောင်းကို ကျောက္ကာတောင်ကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်မှု ၁ ကြိမ် ထပ်မံပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထိခိုက်သေဆုံးရှိခဲ့ကာ စာရွက်စာတမ်းတချို့နဲ့လက်နက်တွေသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်
အဲ့ဒီနေ့ညပိုင်းမှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ အင်အားဖြန့်ခွဲပြီး ကျောက္ကာ၊ ရေနံကုန်း၊ သာစည်ံ၊ သာလေးနဲ့ ရွှေဂူနီကျေးရွာတွေမှာ ညအိပ်ခဲ့ပြီး ဩဂုတ် ၉ ရက် နေ့လယ် ၁ နာရီလောက်ကနေ ည ၉ နာရီလောက်ထိ ရေနံကုန်းရွာလမ်းဆုံနဲ့ ရွှေဂူဖြူဘုရားအနီးက စစ်ကောင်စီအဖွဲ့တွေကို ဒရုန်းဗုံးနဲ့တိုက်ခိုက်တာ၊ ထနောင်းဝင် ကျေးရွာအနီးနဲ့ ရွာတုံကျေးရွာအနီးတို့က စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ရာ စစ်ကောင်စီအဖွဲ့တွေ ၂၀ ခန့် ထိခိုက်ကျဆုံးရှိခဲ့တယ်လို့ ဆိုပါတယ်။
” ၉ ရက်နေ့မှာ တပ်ဖြန့်လိုက်တာ။ ရေနံကုန်းထိတက်လာတော့ လမ်းကြောပေါ်တက်လာတော့ ဒရုန်းတွေနဲ့ချတိုက်ခိုက်တယ်။ လမ်းတွေလမ်းတွေမှာ အဟလေးတွေရှိတော့ အဲဒီမှာကြားဖြတ်တိုက်ခိုက်တာ။ “လို့ မုံရွာပကဖပြန်ကြားရေးတာဝန်ရှိသူကဆက်ပြောပါတယ်။


အဆိုပါ ညမှာတော့ ရွှေဂူနီဘုရားအနီး ညအိပ်ခဲ့ပြီးနောက် ဩဂုတ် ၁၀ ရက်မှာ ဘုရားအနီးရှိနေတဲ့ စစ်ကောင်စီအဖွဲ့ကို ဒရုန်းတွေနဲ့ဗုံးချတိုက်ခိုက်တာ၊ ကျောက္ကာမြောက်ရွာထိရောက်လာတဲ့ စစ်ကြောင်းတခုကိုလည်းကြားဖြတ်တိုက်ခိုက်တာနဲ့ကျောက္ကာမြောက်ရွာမီးသတ်ရုံးနားရှိနေတဲ့ စစ်ကောင်စီအဖွဲ့ကိုလည်း ဒရုန်းတွေနဲ့ဗုံးချတိုက်ခိုက်တာတွေပြုလုပ်ခဲ့ရာ ၁၀ ဦးကျော်ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် သြဂုတ် ၁၀ ရက်မှာပဲ ပေါ်တော်မူဘုရာအနီးမှာ ၁ ကြိမ်၊ ရွှေဂူဖြူဘုရားအနီးမှာ ၁ ကြိမ် တိုက်ပွဲထပ်ဖြစ်ခဲ့ သေးပြီး စစ်ကောင်စီတပ်တွေဆီက FZ ဆိုင်ကယ် ၁ စီး၊ ၁၂ ဘီးကား ၁ စီး၊ MA1 ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ၅.၅၆ ကျည် ၈၂ တောင့်ကို သိမ်းဆည်းခဲ့ကာ ပြည်သူစစ်မှုထမ်း ၁ ဦးကို ဖမ်းမိခဲ့တယ်လို့ ဘုတလင်မြို့နယ်တပ်ပေါင်းစု စစ်ကြောင်းမှူး ကိုကြွက်ကလေးက ပြောပါတယ်။
“တိုက်ပွဲက ၂ ကြိမ်ဖြစ်ခဲ့တာ၊ တိုက်ပွဲက ၂ ကြိမ်ဖြစ်ခဲ့တာဆိုတော့ ၃ နာရီလောက်ကြာတယ်၊ ကားတွေကတော့ တင့်ကားနဲ့ သံချပ်ကာကားတွေများတယ်၊ တိုက်ခိုက်ခဲ့တာမှာ သေဆုံးတာလည်းရှိပါတယ်၊ ဒရုန်းစကောက်တွေ ကြည့်ရပုံအရ ၂ ကြိမ်ဖြစ်ခဲ့တာဆိုတော့ ၄၀ ကျော်လောက် သေမယ်၊ အရှင်ဖမ်းမိတာက ၁ ဦးပါ”လို့ ပြောပါတယ်။


ဩဂုတ် ၁၁ ရက်နေ့မှာလည်း ကျောက္ကာနဲ့ရေနံကုန်းကျေးရွာကြားမှာ အပေါ့စားသံချပ်ကာ ယာဥ် ၂ စီး၊ သံပြားကာ ၂ စီး၊ Doublecab ၂ စီးပါ ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုတကြိမ်ပြုလုပ်ခဲ့သေးပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ် ၁၂ ရက်ကနေ ၁၅ ရက်နေ့မနက်ပိုင်းအထိတော့ တိုက်ပွဲထပ်ဖြစ်တာမျိုးမရှိပေမယ့် စစ်ကောင်စီ စစ်ကြောင်းတွေက ကျောက္ကာ၊ ရေနံကုန်းအနီးတဝိုက် တပ်ဖြန့်ထားသလို ပါရာမိုတာတွေနဲ့ ကင်းထောက်တာ၊ ရိက္ခာချတာ၊ ဒေသကာကွယ်ရေးအဖွဲ့တွေရှိနိုင်မယ့်နေရာတွေကို လက်နက်ကြီး ပစ်ခတ်တာတွေပြုလုပ်ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကတော့ စစ်ကောင်စီတပ်ဖြန့်ထားတဲ့ ကျေးရွာတွေအနီးမှာ ပိတ်ဆို့ထားလို့ စစ်ရေးတင်းမာနေပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေကို မုံရွာခရိုင် “ခရိုင်ကွပ်ကဲရေးမှူး”၏ ကွပ်ကဲမှုနဲ့ ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်းနဲ့အတူ အရာတော်မြို့နယ် ပကဖ၊ အရာတော် တိုက်နယ် ၉/၁၀/၁၁၊ မုံရွာခရိုင် ဗျူဟာ ၆၆၊ PLA တပ်ဖွဲ့၊ ဒီပဲယင်းမြို့နယ်အခြေစိုက် ဂဠုန်တပ်ဖွဲ့၊ မုံရွာမြိုနယ်ပကဖ တို့အပါအဝင် အဖွဲ့ပေါင်း ၂၀ ကျော်လောက်ပါဝင်တိုက်ခိုက်နေတာလို့ သိရပါတယ်။


တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ထိခိုက်သူမရှိဘဲ ဒရုန်း ၄ စီးပျက်စီးဆုံးရှုံးခဲ့ကာ လက်နက်ခဲယမ်းသိမ်းဆည်းရမိမှုအခြေအနေနဲ့ တိုက်ပွဲအခြေအနေ အသေးစိတ်ကိုထပ်မံ ထုတ်ပြန်ပေးသွားမယ်လို့ မုံရွာပကဖပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။
တိုက်ပွဲတွေနဲ့စစ်ကြောင်းထိုးနေတာတွေကြောင့် အိမ်ခြေ ၁၅၀ ကနေ ၃၀၀ ကျော်ထိရှိတဲ့ ကျောက္ကာတောင်၊ ကျောက္ကာမြောက်၊ ရေနံကုန်း၊ ရွာတုံ၊ ရွှေဂူနီ၊ ထနောင်ဝန်းကျေးရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံ ၇,၀၀၀ ကျော်ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
သတင်း – ၊ စာတည်း -လင်း