myaelatt athan

Sharing Information to the Local

ပြည်ခရိုင်အတွင်း မတ်ပဲခင်းများ အပင်ဝါ(မိုဇိတ်)အဖြစ်များပြီး အထွက်နှုန်းလျော့ကျ

ပဲခူး၊ မတ် ၇၊ ၂၀၂၃။

ဆောင်းသီးနှံ မတ်ပဲစိုက်ရာသီကာလအတွင်း ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်အတွင်းရှိ မတ်ပဲစိုက် တောင်သူများအနေနဲ့ မတ်ပဲပင်တွေ တဖြည်းဖြည်းဝါလာကာ အပွင့်အသီးမတင်နိုင်တော့ဘဲ ညှိုးခြောက်သွားပြီး ပဲအထွက်နှုန်းလျော့နည်းလာတယ်လို့ မတ်ပဲစိုက်တောင်သူများထံက သိရပါတယ်။

ခရိုင်တွင်းမှာရှိတဲ့ ပြည်၊ ပေါင်းတလည်၊ ပေါင်းတည်၊ ရွှေတောင်၊ သဲကုန်း၊ ဆင်မြီးဆွဲ ပုတီးကုန်းမြို့တွေမှာ အဖြစ်များနေတာဖြစ်တယ်လို့ ဆိုကြပါတယ်။

“လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ဖြစ်နေတာ၊ မှိုသတ်ဆေးဖြန်းတာလည်း မရဘူး။ အပင်တပင်စ နှစ်ပင်စကနေ ဖြစ်တယ်။ တရက်ပြီးတရက် ပိုများလာတယ်။ အဲ့အပင်တွေကိုနှုတ်ပစ်တာမျိုး မီးရှို့တာမျိုးတော့ လုပ်တယ်။ တခင်းလုံးကနေ နောက်ပဲခင်းတွေ ကူးတော့တာပဲ။ တကျိုးမှ နှစ်တင်းသုံးတင်းလောက်ပဲ ရတယ်။ တဧက ဆယ်တင်းလောက်မှ မထွက်ရင် အထွက်နှုန်းကျတော့ တောင်သူက ရှုံးတာပဲ” လို့ ပေါင်းတည်မြို့နယ် တောင်သူတဦး ကပြောပါတယ်။

မတ်ပဲစိုက်ပြီး သုံးပတ်သားလောက်တည်းက စုပ်စားပိုးနိုင်တဲ့ဆေးများ ထည့်ဖြန်းရပြီး ပင်ဝါတာက ရောဂါမဟုတ်ဘဲ ပျ၊ ဖြုတ်၊ လှေး၊ ယင်ဖြူ ပိုးတွေက အပင်ကို စုပ်ယူစားသုံးရာက များလာတော့ ဗိုင်းရပ်စ်ပိုး ဝင်သွားတာလို့ စိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင်တဦးက ဆိုပါတယ်။

“အပင်တွေအားတိတ်ပြီးတော့ တဖြည်းဖြည်း ဝါလာတော့တာပါ။ မတ်ပဲ အပင်ငယ်ကနေ အသီးအတောင့် ဖြစ်တဲ့အထိ စုပ်စားပိုးက အကျများတယ်။ တောင်သူက ငမြှောင်တောင်ပိုးနဲ့ လှေးပိုးကျတာကို သိကျတယ်။ ညနေခင်းမှာ ကျတတ်တဲ့ ဖြုတ်ပိုးနဲ့ ယင်ဖြူကြောင့် အပင်ဝါအဖြစ်​များတာကို တောင်သူအများစု မသိသေးတာ ဖြစ်တယ်” လို့ ပြည်ခရိုင်အတွင်း တာဝန်ကျ စိုက်ပျိုးရေးဆေးကုမ္မဏီ ဝန်ထမ်းတဦးက ပြောပါတယ်။

အပင်ဝါဖြစ်သွားတဲ့ ပဲ၊ ပြောင်း အပင်တွေက မျိုးတွေကို ပြန်မစိုက်ဘဲ အပင်ဝါကျတာကို ဖြေရှင်းနိုင်တဲ့ စိုက်ပျိုးရေးဆေးတွေကို ဆေးဆိုင်တွေမှာ မေးမြန်းဝယ်ယူ အကြံဉာဏ်ရယူ သင့်တယ်လို့ ဆိုပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။