ခင်ဦးဒေသခံ ၁ သောင်းကျော် အစားအသောက်နဲ့ ကျန်းမာရေး အခက်အခဲဖြစ်နေ

0 4
0 4

ခင်ဦး၊ မတ် ၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို ဖေဖော်ဝါရီလ ၂၅ ရက်မှ မတ်လ ၂ ရက်နေ့ထိ စစ်တပ်က အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၁ သောင်းကျော် အစားအသောက်နဲ့ ကျန်းမာရေး အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးရှောင်ကူညီစောင့်ရှောက်နေတဲ့ တာဝန်ခံတဦးက ပြောပါတယ်။

“စစ်**တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ယာတော်ရွာနဲ့ ကျွန်းတောကြီးရွာတွေကို မီးရှို့ရာကနေ တဖြေးဖြေးကျေးရွာ ၁၀ ရွာထိ ပြေးကုန်ရတယ်။ ၄ ရက်တိတိ ဘေးလွတ်ရာကို တနေရာပြီးတနေရာ ဆက်တိုက်ပြေးနေရလို့ အခက်အခဲများစွာနဲ့ အကူညီတွေ လိုအပ်နေတယ်” လို့ သူက ဆက်ပြောပါတယ်။

မြင်းဒေါင်း၊ မကျီးအုပ်၊ သရက်ပင်စု၊ အင်တိုင်းလေးတောင်ရွာ၊ အင်တိုင်းလေးမြောက်ရွာ၊ယာတော်၊ မြင်းကျ၊ ကျွန်းတောကြီး၊ ဥယာဥ်နဲ့ သာဝတ္ထိရွာ စတဲ့ကျေးရွာ ၁၀ ရွာက ဒေသခံတွေ အခုချိန်ထိ နေရပ်မပြန်နိုင်သေးသလို အဲဒီရွာတွေက မီးရှို့ခံရတဲ့ အိမ်အရေအတွက်ကိုလည်း အခုချိန်ထိ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

အဝတ်တထည် ကိုယ်တခုဖြင့် ထွက်ပြေးနေရပြီး နီးစပ်ရာရွာတွေက ထမင်းထုပ်လာဝေမှသာ စားနေရတာ၊ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေလည်း ကျန်းမာရေးထိခိုက်မှုတွေ ရှိလာသလို ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီဘက်က ကျေးရွာ ၆၆ ရွာမှ နေအိမ်ပေါင်း ၄၀၀၀ ကျော် မီးရှို့ဖျက်ဆီးထားခဲ့ပြီး ရဲဘော်နဲ့ပြည်သူပေါင်း ၂၅၀ ကျဆုံး ထားပြီလို့ ဆိုပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။