မိုးကုတ်မြို့ကို ဗုံးထပ်ကြဲလို့ သံဃာ ၁ ပါးအပါ ၁၂ ဦးသေဆုံးပြီး တချို့ကိုဆာလာအိတ်နဲ့ လိုက်ကောက်နေရ

မြေလတ်အသံ၊ သြဂုတ် ၂၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီတပ်က သြဂုတ် ၂ ရက်ဒီနေ့မနက် ၈ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၁ ပါးအပါအဝင် ၁၂ ဦးသေဆုံးခဲ့တယ်လို့ မိုးကုတ်မြို့နယ်ပကဖဆီက သိရပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်အုပ်စု၊ အောင်သုခနဲ့ ဂေါင်းဦးဘာကွက်သစ်ရပ်ကွပ်ထိပ်ရှိ မိုးကုတ်-မန္တလေးလမ်းမကြီးပေါ်က ‘မင်းကြိုက်’ လက်ဖက်ရည်ဆိုင်အနီးကို ဗုံး ၂လုံးကြဲချရာမှာ ထိခိုက်သေဆုံးခဲ့ကြတာပါ။

“သံဃာတော် ၁ ပါးတော့ပါတယ်။ ဆွမ်းခံကြွတဲ့အချိန် ထိခိုက်တာပါ။ လောလောဆယ် ၁၂ယောက် သေတယ်လို့ သတင်းရထားပါတယ်။ အတိကျကတော့ စာရင်းမတက်လာသေးလို့ အတည်မပြုနိုင်သေးပါဘူး”လို့ မိုးကုတ်မြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

သေဆုံးသူတွေထဲက အသက် ၂၈ နှစ်အရွယ်အမျိုးသား ၁ ဦးဆိုရင် အီကြာကွေးမုန့်ဝယ်ပြီး နေအိမ်ပြန်လာချိန်လမ်းမှာ ဗုံးကြဲခံလိုက်ရတာကြောင့် ခန္ဓာကိုယ်တခုလုံး အပိုင်းပိုင်းအစစဖြစ်သွားတယ်လို့ ဆိုပါတယ်။

“သူငယ်ချင်းကို ဆာလာအိတ်နဲ့ လိုက်ကြုံးနေရလို့ပါဗျာ။ ကိုယ့်သူငယ်ချင်းကို ခုလို ဝက်သားတုံး ကောက်သလို ကောက်ရမယ်မထင်ထားဘူး။ ပေါင်တခြမ်းပဲ အကောင်းပြန်ရတယ်။ ရသလောက်လေး လိုက်စုပေးနေတာအခု”လို့ သေဆုံးသူရဲ့ သူငယ်ချင်းဖြစ်သူအမျိုးသားတဦးက ပြောပါတယ်။

ထိခိုက်သေဆုံးသူတွေနဲ့ပက်သက်တဲ့ အချက်အလက်တွေနဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၂၉ ရက်ကလည်း မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၃ လုံးနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချခဲ့ရာ အရှေ့ရွာရပ်ကွက်မှ ဒေါ်ဝင်းကြည် ၈၉ နှစ်၊ ကိုနိုင် ၃၈ နှစ် နဲ့ မင်းတံတားရပ်ကွက်မှ ဦးဝင်းမြင့် ၅၀ နှစ်၊ ကိုအယ်လေး ၂၈ နှစ်၊ ဦးရီဌေး ၄၈ နှစ်တို့ ၅ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။