myaelatt athan

Sharing Information to the Local

စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲမှာ ပူးပေါင်းလုပ်ဆောင်သူတွေကို အရေးယူမယ်လို့ တော်လှန်ရေးတပ်တွေထုတ်ပြန်

0 27
0 27

စေတုတ္တရာ၊ သြဂုတ် ၁၊ ၂၀၂၅။

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်မယ့်သူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ မန္တလေးတိုင်းနဲ့ မကွေးတိုင်းရှိ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တချို့က ထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဥ်တွေကို ပူးပေါင်း ဆောင်ရွက်တာနဲ့ အများပြည်သူကို စည်းရုံးလှုံ့ဆော်တာတွေ တားမြစ်ထားပြီး ကျူးလွန်ပါက မည်သူမဆို ထိရောက်စွာအရေးယူမယ်လို့ နွားထိုးကြီးမြို့နယ် ပကဖ၊ ပအဖ နဲ့ ပလဖ အဖွဲ့တို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်မယ့်သူတွေကို ထိရောက်စွာအရေးယူသွားမယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖက သြဂုတ် ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စေတုတ္တရာမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် စည်းရုံးလှုံ့ဆော်တာ၊ ပါဝင်တာ၊ ကူညီတာတွေ မလုပ်ဆောင်ပေးဖို့နဲ့ လိုက်နာခြင်းမရှိပါက ပြင်းထန်စွာ အရေးယူမယ်လို့ ဆိုပါတယ်။

“ထုတ်ပြန်ရတဲ့ရည်ရွယ်ချက်က နိုင်ငံရေးနားမလည်တဲ့ ပြည်သူတွေကို ဖိအားပေးပြီး မဲပေးခိုင်းတာတွေ နဲ့ ဒီမိုကရေစီဟန်ပြပြီး စစ်အုပ်စုထွက်ပေါက်ရှာဖို့ ပြင်ဆင်လာတာတွေကြောင့်ပါ။”လို့ စေတုတ္တရာမြို့နယ် ပကဖ တာဝန်ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

လက်ရှိမှာတော့ စေတုတ္တရာမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် မဲပေးစက်တွေနဲ့လေ့ကျင့်ပေးနေတာတွေ ကျေးရွာတွေကို အုပ်ချုပ်ရေးမှူးတွေ ခန့်အပ်ပြီး မဖြစ်မနေ မဲပေးရမယ်ဆိုတာတွေ လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။

လုပ်ဆောင်ပေးနေတဲ့သူတွေထဲမှာ Non CDM ဝန်ထမ်း၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ကြံ့ခိုင်ရေးပါတီအဖွဲ့ဝင်တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

“ရွေးကောက်ပွဲ နဲ့ ပတ်သက်ရင် မဲပေးနိုင်တဲ့ ရပ်ရွာတွေကို သူတို့တရားဝင်နယ်မြေလို သဘောထားမယ်။ မဲမပေးဘဲနေတဲ့ ကျေးရွာတွေကိုတော့ ရန်သူနယ်မြေသတ်မှတ်မယ်ဆိုတဲ့သဘောနဲ့ ပြောဆိုတာတွေလည်း ရှိနေတယ်ဗျ။”လို့ စေတုတ္တရာမြို့နယ် ပကဖအဖွဲ့ တာဝန်ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အခုလို စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲအတွက် ပါဝင်ပတ်သက်နေသူတွေကို ဆက်လက်မပါဝင်ဖို့ သတိပေးချက် ထုတ်ပြန်ပြီးတဲ့နောက်မှာ ပါဝင်နေဆဲဖြစ်ပါက ၎င်းတို့ ပါဝင်ပတ်သက်နေတဲ့ နေရာပေါ်မူတည်ပြီး ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်မယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ လာမယ့်ဒီဇင်ဘာလမှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပြီး နယ်မြေအလိုက်ခွဲပြီး လုပ်ဆောင်မှာဖြစ်ကာ ရွေးကောက်ပွဲဝင်မယ့်ပါတီ ၅၄ ပါတီရှိနေတယ်လို့လည်း ပြောဆိုထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။