11 July 2026 8:41 PM

ညောင်ဦးမြို့ Denko ဆိုင် ဓားပြတိုက်ခံရပြီး ဆီလာထည့်တဲ့ကား၊ ဝန်ထမ်းဆိုင်ကယ်အချို့နဲ့ ဖုန်း၊ ပိုက်ဆံတွေပါသွားဟုဆို

0 58
0 58

ညောင်ဦး၊ ဇူလိုင် ၂၉၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့ပေါ်က Denko စက်သုံးဆီဆိုင် ဓားပြတိုက်ခံရပြီး ဆီလာထည့်တဲ့ကား၊ ဝန်ထမ်း ဆိုင်ကယ်အချို့နဲ့ ဖုန်း၊ ပိုက်ဆံတွေပါသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၂၈ ရက် ယမန်နေ့ညနေ ၅ နာရီခန့်မှာ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းပေါ်ရှိ တောင်ဘကျေးရွာအနီးက Denko ဆီဆိုင်ကို လက်နက်ကိုင်လူတစုက ဝင်ရောက်ဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။

” ဧည့်သည် (ဆီလာထည့်တဲ့) ကားတစီး၊ ဝန်ထမ်းဆိုင်ကယ်တွေရယ်၊ ဆီရောင်းတဲ့ပိုက်ဆံတွေ၊ ဖုန်းတွေ ပါသွားတယ်လို့တော့ သိရတယ်။ အဲ့ဘက်ခြမ်းက လူတွေကမနေရဲတော့ဘူး။ သူတို့ဆီဆိုင်တွေဘဲရှိတော့တာ။ လမ်းပေါ်မှာ လူပြတ်တယ်”လို့ ညောင်ဦးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဓားပြတိုက်သူတွေဟာ ဆီဆိုင်ဝန်ထမ်းတွေနဲ့ ဆီလာထည့်သူတွေရဲ့ပစ္စည်းတွေကိုသာ ယူဆောင်သွားပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

စစ်အာဏာမသိမ်းခင်က အဲ့ဒီDenko ဆီဆိုင်အနီးဝန်းကျင်မှာ စျေးဆိုင်၊ စားသောက်ဆိုင်တွေနဲ့ စည်ကားခဲ့ပြီးပေမယ့် လက်ရှိအချိန်မှာတော့ အဲ့ဒီဆိုင်တွေမရှိကြတော့ဘဲ လမ်းသွားလမ်းလာနည်းပါးတယ်လို့ ဆိုပါတယ်။

Denko ဆီဆိုင်နဲ့ တမိုင်ကျော်အကွာမှာ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့ တောင်ဇင်းနယ်မြေရဲစခန်းတွေတည်ရှိပြီး ဓားပြတိုက်ခံရပြီးတဲ့နောက် Denko ဆီဆိုင်ကို စစ်ကောင်စီတပ်နဲ့ရဲပူးပေါင်းတပ်ဖွဲ့တွေ လာရောက်စစ်ဆေးသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၆ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ကြအိုရွာတောင်ဘက် ညောင်ဦး-ပုဂံ သွားလမ်းဘေးက ကုန်မာဆိုင်နေအိမ် ဓားပြတိုက်ခံရပြီး အိမ်ပိုင်ရှင်ပါ ၂ ဦးသတ်ခံရသလို စျေးရောင်းရငွေ ကျပ်သိန်း ၁၅၀ ခန့်နဲ့ရွှေ ၁၀ သား ဓားပြတွေက ယူဆောင်သွားတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။