10 July 2026 12:04 PM

ရေစကြိုမှာ လုံခြုံရေးယူနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ရဲတဦးသေဆုံး

0 5
0 5

ရေစကြို၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းငယ်ရွာမှာ လုံခြုံရေးယူနေတဲ့ စစ်အုပ်စုကို ညအချိန် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတဦး သေဆုံးကာ တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပခုက္ကူခရိုင်တပ်ရင်း ၁၀၊ တပ်ခွဲ ၁ သိန်းဌက်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရေစကြိုမြို့နယ်၊ ပခန်းငယ်ကျေးရွာအတွင်း စစ်သားနဲ့ရဲအင်အား ၇၀ လောက်နဲ့ လုံခြုံရေးယူနေချိန် ဖေဖေါ်ဝါရီလ ၂၂ ရက်ည ၉ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပခန်းငယ်ကျေးရွာအတွင်းမှာ လမ်းပေါ်တွေအထိ ရဲတွေ၊ စစ်သားတွေက လုံခြုံရေးယူနေတာကို ကျနော်တို့က တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ ရဲတယောက်ဆေးရုံမှာ သေပြီး တယောက်က ပေါင်ကို ထိမှန်ဒဏ်ရာ ရသွားတယ်” လို့ သိန်းဌက်ပြောက်ကျားတပ်ဖွဲ့ ဗိုလ်ရေခဲက ပြောပါတယ်။

ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အပြန်အလှန် ၁၀ မိနစ်လောက် ထိပ်တိုက်ထိတွေ့ပစ်ခတ်ရာ စစ်သားနဲ့ ရဲတွေဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တရစပ် ပြန်လည်ပစ်ခတ်လို့ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ပြီး နာရီဝက်အကြာ စစ်သားနဲ့ ရဲတွေကလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ရာ ပြည်သူနှစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ပစ်ခတ်မှုသံတွေ ကြားပါက ထွက်မကြည့်ဖို့နဲ့ လုံခြုံတဲ့နေရာမှာ နေထိုင်ဖို့ သတိပေးခဲ့ပြီး၊ ဝင်ရောက်စပ်စုတာကြောင့် လုပ်ငန်းတွေ လွဲချော်ခဲ့တာမျိုး ရှိတဲ့အတွက် နောင်တွင် လုပ်ငန်းအောင်မြင်ရေးကိုသာ ဂရုစိုက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၇ ရက်ည ၈ နာရီလောက်ကလည်း သိန်းဌက်ပြောက်ကျားတပ်ဖွဲ့ဟာ ရေစကြိုမြို့နယ်၊ ပခန်းငယ်စခန်းကနေ ညကင်းပတ်ထွက်လာတဲ့ ရဲတွေကို တိုက်ခိုက်ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။