ရွှေဘိုမှာမီးရှို့နေတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး သေဆုံးမှုများဟုဆို

0 8
0 8

ရွှေဘို၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ရွာကို စစ်ကြောင်းထိုးနေတဲ့စစ်သားတွေကို ဒေသခံPDF မဟာမိတ်တွေက ဖေဖေါ်ဝါရီလ ၂၁ ရက်မနေ့ကမနက်ပိုင်းမှာ လက်နက်မျိုးစုံနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ များခဲ့တယ်လို့ ဗိုလ်ကျားရိုင်း – ရွှေဘို LPDF က သတင်းထုတ်ပြန်ထားပါတယ်။

ရွှေဘိုမြို့နယ်၊ သပြေကန်ရွာက စာသင်ကျောင်းနဲ့နေအိမ်တလုံးကိုမီးရှို့ပြီး အင်အား ၇၀ ဝန်းကျင်နဲ့ ထွက်လာတဲ့စစ်ကြောင်းက ပေါက်ချိုင်ရွာကနေအိမ်ကိုမီးရှို့ချိန် မနက် ၉ နာရီလောက်မှာ တိုက်မိုင်း အလုံးရေ ၂၀ ကျော်အပြင် ၆၀ မမ ကျကွဲလက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ အသင့်စောင့် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာ စစ်သားအလောင်းမီးရိူ့ထားတာတွေ၊ တိုက်မိထားတဲ့ မိုင်းကျင်းတွေဘေးမှာ သွေးကွက်တွေ တွေ့ရတယ်။ စစ်ကြောင်းရှေ့ဆက်မတိုးတာကိုတွက်ရင် သူတို့ဘက်က ဗိုလ်ကြီးအဆင့်လောက်ကျသွားတဲ့သဘောမှာရှိတယ်”လို့ ဗိုလ်ကျားရိုင်းအဖွဲ့က တာဝန်ခံရဲဘော်ဗလကြီးက ပြောပါတယ်။

နယ်မြေရှင်းလင်းစဥ် ၃ ပွင့်ဗိုလ်အကျီတထည်၊ ၄၀ မမ ဗုံးသီးအခွံ၊ ကျည်ဘောက်တခု၊ ၇၃ မမပို့ယမ်းဗူး၊ နင်းမိုင်းတလုံး၊ အခြားအသုံးအဆောင်ပစ္စည်းတွေလည်း သိမ်းဆည်းရမိတယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်သား ၂၅ ဦးသေဆုံးကာ ၁၈ ဦးဒဏ်ရာရတယ်လို့ ဗိုလ်ကျားရိုင်း – ရွှေဘို LPDF ကထုတ်ပြန်ထားပေမယ့် ဒီဒဏ်ရာရ၊ သေဆုံးမှုအရေအတွက်နဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးသူတွေများတဲ့အတွက် စစ်ကြောင်းရှေ့ဆက်မတိုးတော့ပဲ ဒဏ်ရာရစစ်သားတွေကိုထမ်းကာ အနီးဆုံးဖြစ်တဲ့ တည်သီးတောရွာဘက်ကို ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့၊ ဗိုလ်ဂျပန်ကြီး TTT- Shwebo -LPDF၊ C&T SHWEBO LPDF၊ ဗိုလ်ကျားပျံ – ရွှေဘို (LPDF)အပါအဝင် မဟာမိတ်အဖွဲ့တွေက ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ ဖေဖေါ်ဝါရီလ ၁၂ ရက်ကစတင်ကာ ကျောက်မြင့်ရွာ၊ တင့်တယ်ရွာ၊ ငါးဆူကုန်းရွာ၊ မဲတောရွာ၊ ချီပါရွာ၊ ပန်းလှိုင်ရွာ၊ ရေတော်မူရွာ၊ ဝါးရုံကန်ရွာ၊ သန်းတောရွာ၊ ထူးကြီးရွာ၊ တည်ပင်ကျေးရွာတွေကိုလည်း မီးရိူ့ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။