ယင်းမာပင်မှာ စစ်ကြောင်းထွက်လာတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

0 8
0 8

ယင်းမာပင်၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာကနေ စစ်ကြောင်းထွက်လာတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ဒေသခံကာကွယ်ရေးတပ်တွေက ဖေဖေါ်ဝါရီလ ၁၉ ရက်မနေ့မနက် ၁၀ နာရီလောက်ကတိုက်ခိုက်တာကြောင့် ၃ ဦးသေဆုံးခဲ့တယ်လို့ ဗျတ္တညီနောင်အဖွဲ့က ပြောပါတယ်။

ဘန့်ဘွေးရွာရဲ့မြောက်ဘက် ၁ မိုင်ခွဲလောက်အကွာ ရေထွက်ရိုးကျေးရွာအနီးမှာ အင်အား ၁၄ ဦးလောက်နဲ့ စစ်ကြောင်းထိုးလာတာကို စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စစ်သားတွေနဲ့ပျူစောထီးတွေ စစ်ကြောင်းထွက်လာတာကို ဒေသအထူးအဖွဲ့က ရေထွက်ရိုးနားက စောင့်ပြီး မောင်းပြန်တွေနဲ့တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ကျန်တဲ့ ၄ ဖွဲ့ကလည်း ဘန့်ဘွေးရွာထဲက စစ်သားတွေကို လက်နက်ကြီးနဲ့ပစ်ပေးနေတာပါ” လို့ ဗျတ္တညီနောင်အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် ဘန့်ဘွေးရွာသားပျူစောထီးနှစ်ဦးနဲ့ စစ်သားတဦးသေဆုံးခဲ့ပြီး စစ်ကြောင်းကတော့ ရှေ့ဆက်မတိုးတော့ဘဲ နောက်ပြန်လှည့်ကာ အဲဒီနေ့မှာပဲသေဆုံးသူတွေကို ဘန့်ဘွေးသချိုင်းမှာ မီးရှို့သင်္ဂြိုလ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ ရေထွက်ရိုးရွာအနီးကို မဟာမိတ်အဖွဲ့တွေက နယ်မြေရှင်းလင်းရာ အသားစတွေနဲ့အတူ သွေးစွန်းစစ်ဦးထုပ်တလုံးနဲ့ ကျည် ၅ တောင့်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ဗျတ္တညီနောင်၊ ဝင်္ကပါအဖွဲ့၊ Black Team၊ Golden Triangel forceနဲ့အတူ ဒေသအထူးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုအရေအတွက်ကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဘန့်ဘွေးကျေးရွာဟာ အိမ်ခြေ ၃၅၀ လောက်ရှိပြီး ပြီးခဲ့တဲ့တနှစ်ခွဲကျော်လောက်ကတည်းက စစ်တပ်က အင်အား ၇၀ လောက်နဲ့ တပ်စွဲနေကာ နေအိမ်တွေကိုမီးရိူ့ခဲ့တာကြောင့် အိမ်ခြေ ၃၄၀ လောက်ကဒေသခံတွေဟာ ရွာကိုစွန့်ခွာပြီး တောတိုက်တွေထဲမှာနေထိုင်နေကြရတာဖြစ်သလို ကျန်အိမ်ခြေ ၁၀ လုံးလောက်တော့ စစ်တပ်နဲ့ပေါင်းပြီး ပျူစောထီးအဖြစ်ကျန်ရှိခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၁၅ ရက်ကလည်း စစ်သားတွေနဲ့ပျူစောထီးတွေဟာ ဘန့်ဘွေးရွာအနီးရှိ တောတိုက်တွေထဲက နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြပါသေးတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၁၇ ရက်ကလည်း ဘန့်ဘွေးရွာက စစ်သားနဲ့ပျူတွေဟာ စစ်ရှောင်နေတဲ့ ဘန့်ဘွေးရွာသား အသက်၂၅ နှစ်အရွယ် ကိုခင်မောင်ဌေးနဲ့ တူဖြစ်သူ ၁၆ နှစ်အရွယ် မောင်နိုင်လင်းအောင်တို့ ၂ ဦးကို ဘန့်ဘွေးရွာကိုရှောင်ကွင်းဖောက်ထားတဲ့လမ်းမှာ ဖမ်းဆီးခဲ့ပြီး၊ ဒီနေ့တိုင်မိသားစုနဲ့ အဆက်အသွယ်မရရှိသေးပါဘူးလို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။