ညောင်ဦး၊ ဇူလိုင် ၁၄၊ ၂၀၂၅။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ လက်ထုပ်ကျေးရွာမှာ အမျိုးသား ၁ ဦးပစ်သတ်ခံရတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ပစ်သတ်ခံရသူဟာ ရွာလှည့်စျေးရောင်းသူ အသက် ၅၃ နှစ်အရွယ် ဦးမျိုးမြင့်ဝင်းဖြစ်ပြီး ဇူလိုင် ၁၃ ရက်မနက် ၉ နာရီကျော်က နေအိမ်မှာရှိနေချိန်ပစ်သတ်ခံရတာလို့ ဆိုပါတယ်။
“အဲ့ဘက်ခြမ်းက ရှင်းခံရတယ်လို့ သိရတယ်။ ဘယ်အဖွဲ့အစည်းက ရှင်းခဲ့တယ်ဆိုတာမသိရသေးဘူး။ လောလောဆယ်တော့ သာမန်လူလို့တော့သိရတယ်။ ပြစ်မှုကျူးလွန်ထားတာ ဘာမှမရှိဘူးလို့တော့ စုံစမ်းထားရတယ်။ “လို့ ညောင်ဦးမြို့နယ်ပကဖ တာဝန်ခံ ကိုဇီးကပြောပါတယ်။
ပစ်ခတ်ခံရတာကြောင့် ဦးမျိုးမြင့်ဝင်းရဲ့ ဝမ်းဗိုက်နဲ့လက်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပြီး ဒီပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့ကလုပ်ခဲ့တယ်တယ်ဆိုတာ ဇူလိုင် ၁၄ ရက်အထိ သက်ဆိုင်ရာအဖွဲ့တွေဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်ကလည်း ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်ကျေးရွာအုပ်စု၊ တောင်ဖက်တန်းကျေးရွာနေ အုပ်ချုပ်ရေးရွာခွဲတာဝန်ခံ ၁ ဦးနေအိမ်မှာ ရှိနေချိန် သေနတ်သမားတွေကလာရောက်ပစ်သတ်လို့ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း