ခမ်းပါတ် လေကြောင်းတိုက်ခိုက်မှု‌ ကလေးအပါ ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ၊ လူနေအိမ် ၂၀ ကျော်ပျက်စီး (ရုပ်/သံ)

0 1
0 1

မြေလတ်အသံ၊ ဇန်နဝါရီ ၁၇၊ ၂၀၂၅။

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ခမ်းပါတ်မြို့နဲ့ ကနန်ရွာကို စစ်ကောင်စီက ဇန်နဝါရီ ၁၆ ရက် ညက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် ၂ နှစ်အရွယ်ကလေးအပါအဝင် ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရကာ လူနေအိမ် ၂၀ ကျော်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက တံတားဦးလေတပ်ကနေ ခမ်းပါတ်မြို့ အမှတ် ၁ ရပ်ကွက်နဲ့ ကနန်ရွာ ဘုန်းကြီးကျောင်းကို ည ၈ နာရီခွဲအချိန်မှာ ‌လေကြောင်း ၃ ကြိမ် တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခမ်းပါတ်မြို့အမှတ် ၁ ရပ်ကွက်မှာ နေထိုင်တဲ့ ပလဖ ရဲဘော် ၁ ဦးနဲ့ အသက် ၂ နှစ် အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ကနန်ရွာက ဘုန်းကြီး ၁ ပါးနဲ့ ခမ်းပါတ်မြို့က ပလဖရဲဘော် ၂ ဦးအပါအဝင် ဒေသခံပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ခမ်းပါတ်မြို့မှာ နေထိုင်တဲ့ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ ဒေသခံနဲ့ ရဲဘော်တွေဟာ နီးစပ်ရာဆေးရုံတွေမှာ ဆေးကုသမှုခံယူနေရတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက NUG ဝန်ကြီးတချို့က စစ်ကိုင်းတိုင်းမှာ ရုံးထိုင်မယ်လို့ မီဒီယာတွေမှာ ပြောဆိုပြီးနောက်ပိုင်း ဒေသကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ခမ်းပါတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အခုလိုလေကြောင်းက ဗုံးကြဲခံရပြီးနောက်မှာတော့ ခမ်းပါတ်မြို့အပါအဝင် ကနန်ရွာ၊ ဘုတ်ကန်ရွာက ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

၂၀၂၄ ဇန်နဝါရီ ၇ ရက်တုန်းကလည်း ခမ်းပတ်မြို့အနီးက ကနန်ကျေးရွာကို စစ်ကောင်စီက A5 လေယာဉ် အမျိုးအစားနဲ့ ဗုံး ၅ လုံးကျော် ကြဲချတိုက်ခိုက်ခဲ့ရာ ကျေးရွာအနောက်ပိုင်း စာသင်ကျောင်းနဲ့ ဘုရားကျောင်းအနီး ကျရောက်ပေါက်ကွဲပြီး ကလေး ၄ ဦးအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၁၆ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပါသေးတယ်။

ခမ်းပါတ်မြို့ကို ၂၀၂၃ နိုဝင်ဘာ ၅ ရက်က ဒေသကာကွယ်ရေးပူးပေါင်း‌တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် NUG ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၄ ဇန်နဝါရီ ၁၆ ရက်အထိ စစ်ကောင်စီကြောင့် အရပ်သား ၆,၁၈၂ ဦး သေဆုံးထားကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းပြုစုချက်အရ သိရပါတယ်။

သတင်း – ကိုစည်သူ၊ စာတည်း – လင်းဇေ၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။