⁨နတ်မောက်မှာ နယ်မြေရှင်းလင်းရေးလာတဲ့စစ်ကြောင်း ကြားဖြတ်တိုက်ခံရ (ရုပ်/သံ)

0 5
0 5

နတ်မောက်၊ နိုဝင်ဘာ ၂၅၊ ၂၀၂၅။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီးမှာ နယ်မြေရှင်းလင်းရေးထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ နေပြည်တော်စစ်ဒေသ ဗျူဟာ ၁၇ စစ်ကြောင်းဆီက သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက်ဒီမနက် ၈ နာရီ ၂၁ မိနစ်မှာ နတ်မောက်မြို့နယ်၊ သရက်ချောင်းကန်လှရွာက ထွက်လာတဲ့ အင်အား ၈၀ ခန့်ပါစစ်ကြောင်းကို ကျောက်တန်းကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ပြီး ၁ နာရီကြာတိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့က နယ်မြေရှင်းလင်းရေးပုံစံမျိုးနဲ့ စစ်ကြောင်းထိုးလာတာ၊ ကျနော်တို့နဲ့ ထိပ်တိုက်တွေ့တာ။ မီတာ ၂၀၀ အတွင်းကနေ တိုက်ခိုက်တာ၊ ရန်သူ့ဘက်ကတော့ အထိအခိုက်တော်တော်ရှိတယ်။ ကျနော်တို့က တောင်ပေါ်ကနေ ပစ်ရတာ၊ သူတို့က တောင်အောက်ကနေ ဝင်ဝိုင်းတာ၊ ဝိုင်းတဲ့အချိန်မှာ သူတို့ စစ်ကြောင်းကို ကြားဖြတ်ပစ်တာ၊ သူတို့ဘက်က အနည်းဆုံး ၁၅ ဦးသေဆုံးတယ်။ ကျနော်တို့ စစ်ကြောင်း ကျည်မလုံလောက်တာနဲ့ နောက်ပြန်ဆုတ်ခဲ့ရတယ်။”လို့ နေပြည်တော်စစ်ဒေသ ဗျူဟာ ၁၇ စစ်ကြောင်းမှ တပ်ရင်းမှူး ဗိုလ်အောင်ဒင်က ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းမှာ တောင်တွင်းကြီးအခြေစိုက် လေ့ကျင့်ရေး ၇၊ အောင်လံအခြေစိုက် ကပစ ၁၇နဲ့ ရွာမွန် ကပစတပ်တို့က စစ်ကော်မရှင်တပ်တွေ ပူးပေါင်းပါဝင်တယ်လို့သိရကြောင်း သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို နေပြည်တော်စစ်တိုင်း ဗျူဟာ ၁၇ စစ်ကြောင်း ၉၀၃ တပ်ရင်း၊ ၉၀၂ တပ်ရင်း၊ နတ်မောက် ပကဖနဲ့ မြို့သစ်ဗိဿနိုးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

အဲ့ဒီစစ်ကြောင်းဟာ သရက်ချောင်းကန်လှရွာဘက်ကို နယ်မြေရှင်းလင်းရေးလာတယ်လို့ ယူဆရပြီး လက်ရှိမှာ သရက်ချောင်းကန်လှရွာမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်ကလည်း မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် တောင်ကျောင်းကျေးရွာ ပြည်သူတွေဆီက ဆက်ကြေးလစဥ်ကောက်ခံပေးနေတဲ့ ဥက္ကဌ ဦးသောင်းဝင်း(ခ)ဦးသန်းဝင်းကို နေပြည်တော်စစ်တိုင်း ဗျူဟာ ၁၇ စစ်ကြောင်း ၉၀၃ တပ်ရင်းက ရှင်းလင်းခဲ့ပါသေးတယ်။

တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။