တောင်သာ၊ နိုဝင်ဘာ ၆၊ ၂၀၂၅။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်က စစ်ကော်မရှင်တပ်တွေရဲ့ ဂိတ်စခန်း ၃ ခုကိုဝင်တိုက်ရာ ထိခိုက်သေဆုံးသူတွေရှိပြီ ဘန်ကာတွေကိုလည်းမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းဆီက သိရပါတယ်။
မိတ္ထီလာအခြေစိုက် တပ်မ ၉၉ က စစ်ကော်မရှင်တပ်တွေရှိနေတဲ့ မကျီးရိုးဂိတ်၊ ဗိဿနိုးတောင်ပေါ်နဲ့ ဇဂျမ်းသံလမ်းဂိတ်တွေကို နိုဝင်ဘာ ၅ ရက် မနက် ၆ နာရီမှာ ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ပြီး နောက် စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးတာကိုမျက်မြင်တွေ့ခဲ့ရပြီး ဘန်ကာ ၁၁ လုံးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တိုက်ခိုက်ပြီးနောက် စစ်ကော်မရှင်ဘက်က နိုဝင်ဘာ ၅ ရက် ညမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တဲ့အတွက် သံဘိုရွာက ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တောင်သာမြို့နယ်က မကျီးရိုးဂိတ်မှာ စစ်ကော်မရှင်တပ်သား ၂၀ ဦး၊ ဗိဿနိုးတောင်ပေါ်မှာ ၂၆ ဦး၊ ဇဂျမ်းသံလမ်းဂိတ်မှာ ၂၀ ဦးဝန်းကျင် တပ်စွဲထားတာလို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေအတွင်းမှာ ဂျန်ဘာ ၁ လုံး မီးစက် ၁ လုံးနဲ့ စစ်သုံးပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့ပြီး သေနတ်တွေကိုတော့ ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ယူဆောင်သွားတာကြောင့် မရခဲ့ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်ကလည်း တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာ ပြည်သူ နေအိမ်တွေကို တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ ၆ ဦးသေဆုံးခဲ့ပါသေးတယ်။
တည်းဖြတ် – HP