12 July 2026 7:18 AM

⁨ဂုတ်ကြီးရွာစခန်းကို AA သိမ်းပိုက်ပြီး ရက်ပိုင်းအတွင်း စစ်တပ်ကအင်အားအလုံးအရင်းနဲ့ ပြန်တိုက် (ရုပ်/သံ)

0 1
0 1

အောင်စိုးဒိန်းဂျား

မြေလတ်အသံ၊ စက်တင်ဘာ ၃၀၊ ၂၀၂၅။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ရက္ခိုင်ရိုးမပေါ် အမ်း-ပဒါန်းကားလမ်းနံဘေးရှိ ဂုတ်ကြီးရွာကာကင်းစခန်းကို အာရက္ခတပ်တော်-AA နဲ့ မဟာမိတ်တပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

နတ်ရေကန်ဗျူဟာကုန်းစခန်းရဲ့ ကာကင်းစခန်းဖြစ်တဲ့ ဂုတ်ကြီးစခန်းဟာ စစ်ကော်မရှင်တပ်အင်အား ၁၀၀ ခန့်ရှိတဲ့ အခိုင်အမာစခန်းဖြစ်ပြီး စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။

” သိမ်းလိုက်တာတော့ ဟုတ်ပါတယ်။ အခု စစ်တပ်ကတော့ ပြန်ထိုးနေတယ်။ အခုသိမ်းထားတဲ့စခန်းကို ၂၆ ရက်နေ့က စတိုက်တာ။ ၂၇ ရက်နေ့ညမှာ သူတို့(စကမ)တွေ အကုန်လုံးထွက်ပြေးသွားကြတာ။ နတ်ရေကန်ကို” လို့ မြေပြင်အခြေအနေကိုသိရှိသူ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

AA သိမ်းပိုက်လိုက်တဲ့ဂုတ်ကြီးစခန်းကို စက်တင်ဘာ ၂၉ နဲ့ ၃၀ရက် ဒီကနေ့မနက်ပိုင်းမှာ စစ်ကော်မရှင်တပ်က နတ်ရေကန်နဲ့အခြားစခန်းတွေက အင်အား ၂၅၀ လောက် စုစည်းပြီး ပြန်လည်ထိုးစစ်တင်တိုက်ခိုက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တယ်လို့ အထက်ပါတပ်ဖွဲ့ဝင်က ဆိုပါတယ်။

နတ်ရေကန်ဗျူဟာကုန်းနဲ့ အနီးက စစ်ကော်မရှင်တပ်စခန်းတွေမှာ အမှတ် ၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၇ နဲ့ လက်အောက်တပ်ရင်းတွေ တိုက်ခိုက်ရေးဝင်ရောက်နေတာပါ။

ဂုတ်ကြီးစခန်းသိမ်းတိုက်ပွဲဲ ဒုတိယမြောက်ရက် စက်တင်ဘာ ၂၇ ရက်မနက်ပိုင်းမှာ ဂုတ်ကြီးစခန်းကစစ်ကော်မရှင်တပ်သားအများအပြားဟာ စခန်းစွန့်ခွာကာ နတ်ရေကန်တောင်ကြောတလျှောက် ထွက်ပြေးနေကြပြီး အများစုဟာ စစ်မှုထမ်းသင်တန်းဆင်းတပ်သားတွေလို့ နောက်ထပ်ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်သတင်းရင်းမြစ်က ပြောပါတယ်။

“ပြည်သူ့စစ်မှုထမ်း(ပစ)တွေက အများဆုံးပြေးနေကြတယ်။ ပြေးနေကြတာကို နောက်ကနေလိုက်ခိုင်းတဲ့အဖွဲ့ကိုပါ အဆက်အသွယ်ပါပြတ်သွားအခါကျတော့ လေကြောင်းပစ်ကူခေါ်ပါတယ်။”​ လို့ သူက ပြောပါတယ်။

ဂုတ်ကြီးစခန်းတိုက်ခိုက်ခံခဲ့ရတဲ့ စက်တင်ဘာ ၂၇ ရက်မနက်ပိုင်းမှာပဲ စစ်ကော်မရှင်တပ်က လေကြောင်းကနေ Y 12 လေယာဉ်နဲ့ လိုင်ရွာ၊ နောင်ရွာ၊ ဇင်းပြွန်ရွာနဲ့ ပျဥ်းဝရွာတွေအနီးတဝိုက်ကို ဗုံးအလုံး ၂၀ ကျော်ကြဲချခဲ့တယ်လို့လည်း သိရပါတယ်။

ဂုတ်ကြီးစခန်းဟာ နတ်ရေကန်ဗျူဟာကုန်းနဲ့ ၂ မိုင်ခန့်သာကွာဝေးပြီး နှစ်ဖက်တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်တွေကိုတော့ မသိရသေးဘဲ ဂုတ်ကြီးစခန်းကိုသိမ်းပိုက်ရရှိတာနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် -AA ကလည်း ဒီကနေ့အထိ သတင်းမထုတ်ပြန်သေးပါဘူး။

ရက္ခိုင်ရိုးမ အမ်း-ပဒါန်းလမ်းပိုင်းပေါ်ရှိ နတ်ရေကန်တောင်ဗျူဟာကုန်းမှာ ကာကင်းစခန်းအနေနဲ့ မထုံး၊ လင်းတဲ၊ စွန်တက် ၊ ဂုတ်စည်း ၊ ကံမြင်းကန်၊ ဂုတ်ကြီး၊ တာဝါတိုင်စခန်းတွေရှိကြပြီး အဲ့ဒီထဲက တာဝါတိုင်၊ ကံမြင်းကန်နဲ့ ဂုတ်ကြီးစခန်းတွေကို AA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားတာပါ။

မိုင် ၁၀၀ ခန့်ရှည်လျားတဲ့ အမ်း-ပဒါန်းလမ်းဟာ ရခိုင်ရိုးမကို ဖြတ်သန်းဖောက်လုပ်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေရှိရာ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ရှိ ကျဆုံးစစ်ဌာနချုပ် အမ်းမြို့အခြေစိုက် နပခရှိရာ ရခိုင်ပြည်နယ်တို့ကို ချိတ်ဆက်ထားတဲ့ တခုတည်းသောလမ်းကြောင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာပထမပတ်နဲ့ ဒုတိယပတ်တွေမှာ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီး ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းတွေကို ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၇၀ ထက်မနည်းသေဆုံးပြီး တပ်လန်ပြန်ဆုတ်သွားတယ်လို့ အာရက္ခတပ်တော် AA က စက်တင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပွဲတွေနဲ့ စစ်ကော်မရှင်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နတ်ရေကန်တောင်ဘက်ခြမ်း အိမ်ခြေ ၆၀ ကနေ ၂၀၀ ကြားရှိတဲ့ ဘုံးဘော၊ စရံ၊ ပပွေး၊ စွန်တက်၊ လင်းတဲ၊ ဝက်စားကျင်း၊ ပစီ၊ လိုင်ရွာ၊ နောင်ရွာ၊ တင်ပြင်း၊ ပန်းပဲ၊ ဝန်ရွာ၊ ဇင်ပြွန်း၊ မကျီးကုန်း စတဲ့ရွာတွေက ဒေသခံ ၃,၀၀၀ နီးပါး စစ်ဘေးရှောင်နေရတယ်လို့ ဒေသသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စာတည်း – ဟိန်းစံ၊ တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။