26 July 2026 10:28 PM

ကလေးမှာ ရွေးကောက်ပွဲဆန့်ကျင်တဲ့ လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

0 13
0 13

ကလေး၊ ဩဂုတ်၊ ၂၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ၊ ပြည်သူ့ပညာရေးသပိတ် စစ်ကြောင်းတို့ဦးဆောင်ပြီး စစ်ကော်မရှင်တပ်ကပြုလုပ်မယ့်ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့ လူထုသပိတ် ပြုလုပ်ခဲ့တယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီရဲ့ အဖွဲ့ဝင်တဦးဆီက သိရပါတယ်။

ဒီလှုပ်ရှားမှုမှာ ကလေးမြို့နယ်ရှိကျေးရွာတွေက ကျောင်းသားပြည်သူ ၅၀ ကျော်လည်းပါဝင်ပြီး ဩဂုတ် ၂၇ ရက် ဒီကနေ့မနက်ပိုင်းမှာ တော်လှန်ရေးကြွေးကြော်သံ၊ တောင်းဆိုချက်တွေနဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

“ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေနဲ့ ကလေးဒေသမှာရှိတဲ့ကျောင်းသားလူငယ်တွေနဲ့အတူ ဒီဇင်ဘာလမှာပြုလုပ်မယ့် စစ်ကော်မရှင်ရဲ့တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှုတွေပြုလုပ်ခဲ့ပါတယ်။ ကလေးဒေသ တနေရာမှာရှိတဲ့ ကျေးရွာနေ ကျောင်းသားလူငယ်တွေ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ကလေးမြို့နယ်အတွင်းမှာ ၂၀၂၁၊ စစ်အာဏာသိမ်းချိန်ကစလို့ နှစ်စဉ်နှစ်တိုင်း ရွေးကောက်ပွဲကိုဆန့်ကျင့်တဲ့ လှုပ်ရှားမှုတွေပြုလုပ်လာခဲ့ပြီး ယခုနှစ်အတွက်ကတော့ ဒီလှုပ်ရှားမှုက ပထမဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးမြို့နယ်ဟာ တော်လှန်ရေးအားကောင်းတဲ့မြို့နယ် ဖြစ်တာကြောင့် စစ်ကော်မရှင်တပ်က သူတို့ စိုးမိုးမှုရှိတဲ့ ကလေးမြို့ပေါ်ရပ်ကွက်တွေထဲကို အခုချိန်မှာ သန်းခေါင်စာရင်းစစ်တာတွေ ပိုမို ပြုလုပ်လာတယ်လို့ ဆိုပါတယ်။

“အရင်ထက် ပိုဆိုးလာတာရှိတယ်၊ ကျနော်တို့ကလေးဒေသက လက်နက်ကိုင်တော်လှန်ရေးအားကောင်းခဲ့တဲ့ နေရာပေါ့၊ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်ကနေစ သူတို့လက်လှမ်းမီတဲ့နေရာ ရပ်ကွက်တွေမှာ နေ့ခင်းကြောင်တောင်နဲ့ ညဘက်တွေမှာ မထင်ရင်မထင်သလို သန်းခေါင်စာရင်းကောက်တာတွေ ခပ်စိပ်စိပ် ပြုလုပ်နေပါတယ်”လို့ သူကပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးကာလ ၄ နှစ်ကျော်ရှိလာချိန်မှာ စစ်ကော်မရှင်တပ်အနေနဲ့ နည်းလမ်းစုံ ထုတ်သုံးလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့လည်း အလုံခြုံဆုံးနည်းလမ်းနဲ့ ရွေးကောက်ပွဲကိုမပူးပေါင်းကြဖို့ ဆိုထားပါတယ်။

စာတည်း – လင်း၊ တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။