ချောက်၊ ဇူလိုင် ၁၀၊ ၂၀၂၆။
မကွေးတိုင်း၊ ချောက်မြို့နယ်၊ တောင်သာကျေးရွာနဲ့ စမ်းစုကျေးရွာကြားမှာ ရဲကွန်မန်ဒိုစစ်ကြောင်းကို သတင်းကြိုရလို့ စောင့်ကြိုတိုက်ခိုက်ဖို့စောင့်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေကို တန်ပြန်ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခံရလို့ အကျအဆုံးများတယ်လို့ မြေပြင်အခြေကို သိရှိတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံ ကသိရပါတယ်။
ဇူလိုင်လ ၁၀ ရက်နေ့မနက် ၈ နာရီခန့်မှာ ချောက်မြို့နယ်အတွင်း စစ်ကြောင်းပတ်ထိုးနေတဲ့ ဒုရဲမှူးကြီးကျော်သူဦးစီးတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို PDF တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေစဥ် စစ်ကြောင်းရဲ့ တန်ပြန်ပိတ်ဆို့ တိုက်ခိုက်မှုကို ခံခဲ့ရတာလို့ ဆိုပါတယ်။
“ကိုယ့်ကင်းပုန်းကို သူတို့ကင်းပုန်းနဲ့ တိုးပြီး ပိတ်ပြီး တိုက်ခိုက်ခံရတာ။ စခန်းမဟုတ်ဘူး။ အခုလည်း လေယာဥ်နဲ့ ပတ်ကြဲနေတာ။ လတ်တလော သိရသလောက်က ၉ ဦးကျထားတယ်လို့ သိထားရတယ်။ ပိုလည်းများနိုင်တယ်” လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကျဆုံးခဲ့သလို လက်နက်တွေလည်း ဆုံးရှုံးတာမျိုးရှိနေပြီး အသေးစိတ်ကိုတော့ သက်ဆိုင်ရာတပ်ရင်းကနေ ထုတ်ပြန် မထုတ်ပြန်တော့ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီ ဝါဒဖြန့်ချီရေးလုပ်ပေးနေတဲ့ တယ်လီဂရမ်တွေမှာတော့ တောင်သာကျေးရွာတိုက်ပွဲမှာ မကွေးခရိုင်တပ်ရင်း ၃ က PDF တပ်ဖွဲ့ဝင်တွေရဲ့ အလောင်း ၂၀ ရထားသလို ရိုင်ဖယ် ၁၉ လက်၊ စနိုက်ပါ ၁ လက်ရထားတယ်လို့ ရေးသားဖော်ပြ နေကြပေမယ့် မြေလတ်အသံအနေနဲ့ သီးခြားအတည်မပြုနိုင်ခြင်း မရှိသေးပါဘူး။
တိုက်ပွဲဖြစ်ပွားနေချိန်နဲ့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းစစ်ကော်မရှင်ဘက်က ဂျက်ဖိုက်တာ၊ ဒရုန်းတွေနဲ့ ဗုံးပတ်ကြဲနေလို့ တောင်သာ၊ စမ်းစု၊ မြေပဒုံ၊ ကြပ်ကန်၊ ဆူးတောရွာတွေက ဒေသခံ ၁၀၀၀ ထက်မနည်း စစ်ဘေးရှောင်နေကြရပါတယ်။
ဇွန်လ ၂၉ ရက်နေ့က ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာနဲ့ ဂွေးချိုကျေးရွာလမ်းပိုင်ပေါ်မှာ ကင်းပုန်းဝပ်နေတဲ့ အထူးရဲတွေနဲပျူအဖွဲ့ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီ ဝါဒဖြန့်ချီရေး တယ်လီဂရမ်တွေမှာဖေါ်ပြထားတဲ့ လက်နက်ခဲယမ်းများ