ဖမ်းခံထားရသူထဲ စစ်တပ်လက်အောက်ခံဆယ်အိမ်မှူးရဲ့တူပါဝင်ပြီး သိန်းရာချီတောင်းလို့ ပြန်မရွေးနိုင်ခဲ့ဟုဆို
တောင်ငူ၊ အောက်တိုဘာ ၁၅၊ ၂၀၂၅။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အုတ်ကျွတ်တန်း ၁၀ ရပ်ကွက်မှာ လူငယ် ၃ ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၁ ဦးကို အသက်မပြည့်သေးတာကြောင့် ပြန်လွှတ်ပေးလိုက်တယ်လို့ ဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတဦးကပြောပါတယ်။
အောက်တိုဘာ ၁၄ ရက် ည ၉ နာရီဝန်းကျင်မှာ ၁၆ နှစ်အရွယ် ကျော်ထက်ပိုင်၊ အသက် ၂၀ အရွယ် ဟိန်းမင်းထူးနဲ့ ဇင်မျိုးတို့ကို အလုပ်ဆင်းချိန်လမ်းလျှောက်အိမ်ပြန်လာစဉ် အုတ်ကျွတ်တန်းရပ်ကွက် ၁၀ လမ်းထိပ်မှာ စစ်ကော်မရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျော်ထက်ပိုင်ကိုတော့ စခန်းအရောက်မှာ မှတ်ပုံတင်စစ်ဆေးပြီး အသက်မပြည့်လို့ ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။
“သူတို့စစ်မှုထမ်းအတွက် လူလိုတော့လက်ထောက်ချတဲ့သဘောပါပဲ။ အတွင်းလူပါလို့ပေါ့။ ဒီကလေးတွေ ဒီချိန်ပြန်လာတတ်တယ်ဆိုတာသိတော့လေ၊ ဆက်ကြေးလည်းကောက်တယ်၊ သူတို့လူလိုရင်လည်း အစားထိုးတယ်။ ပျူစောထီးအတွင်းလူရှိလို့ ဘယ်သူ့သားသမီး ဆွဲရင်လုပ်လို့ရတယ် ဆိုတဲ့ပုံစံမျိုးနဲ့ဆွဲနေတာ နိမ့်ပါးတဲ့ရပ်ကွက်တွေဆို သူတို့က အားကြီးလုပ်တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
အဖမ်းခံရသူ ၃ ဦးအနက် ဇင်မျိုးဆိုသူဟာ တောင်ငူမြို့အမှတ် ၁၀ ရပ်ကွက် စစ်မှုထမ်းကြေးကောက်ရာမှာ လိုက်လံလုပ်ဆောင်ပေးနေသူ အမှတ် ၁၀ ရပ်ကွက်ရဲ့ ဆယ်အိမ်မှူးသန်းလှအောင် ဇနီးရဲ့တူ ဖြစ်ပြီး သန်းလှအောင်ကိုယ်တိုင်သွားပြီး ညှိနှိုင်းထုတ်ယူခဲ့ပေမယ့် ပြန်လွှတ်မပေးခဲ့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
“သူမနက်က သူ့တူအတွက်ကို အမှတ် ၁ စခန်းက နယ်ထိန်းကိုလှမ်းညှိတယ်တဲ့၊ ပထမတော့ သိန်း ၃၀ လို့ပြောတယ်တဲ့။ တကယ့်တကယ်သွားထုတ်တော့ သိန်း ၃၀ နဲ့လည်းမရဘူး။ အခုက ရာဂဏန်းပေးမှ လွှတ်ပေးမယ်ပြောပြီးတော့ လေတပ်စခန်းရှိတဲ့ နှစ်ဆောင်ပြိုင်လို့ခေါ်တဲ့ အဲ့ဘက်ကို ခေါ်သွားပြီလို့လည်း ကြားတယ်”လို့ သူကပြောပါတယ်။
ဒါ့အပြင် ဟိန်းမင်းထူးနဲ့ ကျော်ထက်ပိုင်တို့ ၂ ဦးဟာလည်း ညီအကိုတော်စပ်ပြီး မိဘတွေအနေနဲ့ လက်လုပ်လက်စားတွေဖြစ်တာကြောင့် ဟိန်းမင်းထူး ကို ငွေပေးပြီးမရွေးနိုင်ကြဘူးလို့ ဆိုပါတယ်။
တောင်ငူမြို့နယ်အတွင်း ပေါ်တာဆွဲဖမ်းဆီးခံရသူတွေကို တောင်ငူလေတပ်စခန်းဌာနချုပ် – တလခ ကို ကနဦးပို့ဆောင်ပြီးနောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အုတ်တွင်းမြို့နယ်၊ အုတ်တွင်းအခြေစိုက် အမှတ် ၆ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၆) စစ်သင်တန်းကျောင်းကို ပို့ဆောင်လေ့ရှိပြီး အခု ဖမ်းဆီးခံရသူ ၂ ဦးကိုတော့ ဘယ်ကိုပို့ဆောင်တယ်ဆိုတာ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။
တောင်ငူမြို့ပေါ်ရှိ အိမ်ထောင်စုတွေအနေနဲ့ ၁ လကို စစ်မှုထမ်းကြေး ၂ သောင်းပေး ဆောင်နေကြရပေမယ့် ပျူစောထီးအများစုကြောင့် မြို့ပေါ်အပြင် ကျေးရွာတွေဘက်မှာပါ ပေါ်တာဆွဲဖမ်းဆီးမှုတွေ မကြာခဏကြုံနေရပြီး နိမ့်ပါးတဲ့မိသားစုတွေက လူငယ်တွေကိုအဓိကထားဖမ်းဆီးနေကြတာလို့ ဒေသခံတဦးကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်ကလည်း တောင်ငူမြို့၊ သဖန်းပင်ကျေးရွာအုပ်စု၊ အလယ်ကျွန်းရွာမှာ ဒေသခံအမျိုးသား ၅ ဦး ပေါ်တာဆွဲဖမ်းဆီးခံရပြီး ၁ ဦးက ငွေပေးပြန်လွတ်လာကာ ၄ ဦးကတော့ စစ်မှုထမ်းအတွက် ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။
စာတည်း – လင်း
