ထန်းတပင်၊ အောက်တိုဘာ ၂၅၊ ၂၀၂၅။
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဘုမ္မတီးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်နေပြီး စစ်ကော်မရှင်ဘက်က စက်တပ်လေထီးနဲ့ဗုံးကြဲချိန် အမျိုးသား ၁ ဦး ထိမှန်သေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေထံက သိရပါတယ်။
အောက်တိုဘာ ၂၄ ရက်မနက် ၇ နာရီခန့်မှာ ဘုမ္မတီးကျေးရွာ အထိုင်ချစခန်းကနေ စစ်ကော်မရှင် တပ်ဖွဲ့ဝင် အင်အား ၅၀ ကျော်က စစ်ကြောင်းထိုးလာချိန် ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
“စစ်ကြောင်းထိုးလာလို့တိုက်ပွဲဖြစ်တာ။ ဘုမ္မတီးမှာက **စခန်းရှိတယ်။ အဲ့စခန်းအနီးထိ နေရာယူထားတော့ တိုက်ပွဲကခဏခဏဖြစ်နေတာ။ မနေ့ကဇရပ်ကြီးဘက်က အင်အားထပ်ဖြည့် စစ်ကြောင်းထိုးလာလို့ ထပ်ဖြစ်တာ။ ဗုံးလာကြဲနေတဲ့အချိနိ ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသား ၁ ယောက်ထိသေတာ”လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။
မနက် ၁၁ နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ ဧရိယာအနီးကို စစ်ကော်မရှင်တပ်ဘက်က စက်တပ်လေထီး နဲ့ ဗုံး ၃ လုံးလာကြဲချချိန် ရွှေကျောင်းကုန်းကျေးရွာနေ အသက် ၄၀ ကျော်အရွယ် ဦးတူး ဆိုသူကိုထိမှန် ပြီး ဦးခေါင်းပွင့်ဒဏ်ရာနဲ့နေရာမှာပင်သေဆုံးခဲ့ပါတယ်။
တိုက်ပွဲကြောင့် ဘုမ္မတီး၊ သရက်တန်းကျေးရွာတို့က ဒေသခံပြည်သူအချို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီး အများစုကတော့ ကျေးရွာတွေမှာပဲနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၅ ရက်ဒီနေ့မှာတော့ တိုက်ပွဲအခြေအနေ ငြိမ်သက်နေပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေကိုတော့ လတ်တလောမှာမသိရသေးဘဲ အသေးစိတ်ထုတ်ပြန်ပေးသွားမယ်လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်တွေကကန့်သတ်ထားတဲ့ ခွင့်မပြုတဲ့နေရာတွေကို ဖြတ်သန်းသွားလာတာတွေမလုပ်ဖို့၊ လက်နက်ကြီးသံနဲ့ လေယာဥ်သံကြားရင်လည်း လုံခြုံတဲ့နေရာတွေမှာနေထိုင်ပြီး ထွက်မကြည့်ဘဲအကာအကွယ်ယူနေထိုင်ဖို့ အထက်ပါတာဝန်ရှိသူက အသိပေးပြောဆိုထားပါတယ်။
အောက်တိုဘာ ၂၀ ရက်ကလည်း ကျောက်ကြီးမြို့နယ်၊ ရေလဲကျေးရွာကို စစ်ကော်မရှင်တပ်ဘက်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်လို့ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
စာတည်း – လင်း