ပခုက္ကု၊ မတ် ၄၊ ၂၀၂၆။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာကြီးကျေးရွာမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက စစ်ကြောင်းဝင်မီးရှို့တဲ့အတွက် နေအိမ် ၃၀ ကျော်မီးလောင်ပျက်စီးထားတယ်လို့ ဒေါင်းညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
မတ်လ ၄ ရက်မနက် ၇ နာရီခန့်မှာ ညောင်ဂျစ်ပင် ပျူစောထီးစခန်းကနေထွက်လာတဲ့ ပျူစောထီးနဲ့စစ်ကော်မရှင်ပူးပေါင်းအင်အား ၁၅၀ ခန့်ဟာ ကျေးရွာကိုဝင်ရောက်လာပြီး မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
“ရောက်ပြီဆို စရှို့တာပဲ။ တိုက်ပွဲမဖြစ်ဘူး။ မနေ့ကကျတော့ တောမီးလောင်တာကစပြီးတော့ ရွာကို နည်းနည်းကူးသွားတယ်။ မီးက အရှိန်သေသွားပြီ။ အဲဒါကို ညောင်ဂျစ်ပင်က ပျူတွေက မီးလာထပ်ရှို့သွားတာ”လို့ ဒေါင်းညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
မီးလောင်လို့ အိမ်ခြေ ၃၀ ထက်မနည်းမီးလောင်ပျက်စီးနိုင်ပြီး မီးမငြှိမ်းသတ်နိုင်သေးတာကြောင့် ပျက်စီးနေအိမ်အရေအတွက် တိုးလာနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်နဲ့ပျူစောထီးအဖွဲ့တွေဟာ ရေလာကြီးကျေးရွာကို မီးရှို့ပြီးနောက် နေ့လယ် ၁၂ နာရီခန့်မှာ ညောင်ဂျစ်ပင်ရွာထဲကို ပြန်ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။
ရေလာကြီးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိ၊ ဒေသခံ ၁,၀၀၀ ကျော်ရှိပြီး စစ်ကြောင်းကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေရကာ စစ်ကော်မရှင်ရဲ့ကင်းပုန်းတွေကျန်နေနိုင်သေးတာကြောင့် ကျေးရွာထဲကို ပြန်မဝင်နိုင်သေးဘူးလို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၅ ရက်ကလည်း ပခုက္ကူမြို့နယ်၊ ကိုင်းစံပြကျေးရွာကို စစ်ကော်မရှင်စစ်ကြောင်းက ဝင်ရောက်မီးရှို့လို့ နေအိမ် ၃၀ ကျော်မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း