မြေလတ်အသံ၊ ဇွန် ၁၇၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ အုတ်တွင်းရွာ၊ ရန်ကုန်-ပြည်လမ်း စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်အနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား ၃ ဦးသေဆုံးတယ်လို့ ဒေသခံတဦးထံက သိရပါတယ်။
ဇွန် ၁၆ ရက် ညနေပိုင်းမှာ စစ်ကွင်းတာဆုံစစ်ဆေးရေးစစ်ကောင်စီဂိတ်ကို ဒေသကာကွယ်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်တာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေချိန် ပြည်လမ်းအတိုင်းမောင်းနှင်လာတဲ့ အိမ်စီးကား ၁ စီး သေနတ်ပစ်ခံခဲ့ရတာလို့ ဆိုပါတယ်။
“ အဲ့တိုက်ပွဲဖြစ်ချိန် ပြည်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းလာတဲ့ အိမ်စီးကား ၁ စီးကိုရပ်ခိုင်းတာ၊ ရပ်မပေးလို့ဆိုပြီး သေနတ်နဲ့ပစ်လို့ ၃ ယောက်သေပါတယ်။ ဘယ်အဖွဲ့ကပစ်တာလည်းတော့ မသိရပါဘူး” လို့ မြေပြင်အခြေအနေကိုသိရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
သေနတ်ပစ်ခံရတာကြောင့် သေဆုံးသွားတဲ့ရုပ်အလောင်းတွေနဲ့ကားဟာ ဒီကနေ့ ဇွန် ၁၇ ရက် မနက် ၁၀ နာရီခန့်အထိရန်ကုန်-ပြည်လမ်းဘေးမှာရှိနေသေးကာ သေဆုံးသူတွေနဲ့ပတ်သက်ပြီး အချက်အလက်တွေမသိရဘူးလို့ ဆိုပါတယ်။
စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ အင်အား ၃၀ ခန့် အထိုင်ချတပ်စွဲထားပြီး တော်လှန်ရေးတပ်တွေဘက်က ဝင်ရောက်ပစ်ခတ်ချိန် စစ်ကောင်စီတပ်သားတွေသေဆုံးမှုရှိတယ်လို့လည်း အထက်ပါဒေသခံက ဆိုပါတယ်။
ဒါ့အပြင် ယမန်နေ့မနက်ပိုင်းမှာ မင်းလှမြို့နယ်အတွင်း ထောက်ကြန့်အုပ်စု၊ ဆင်အိုင်ချောင်းပေါက်ရွာအနီးတိုက်ပွဲဖြစ်ခဲ့ပြီး လက်ရှိမှာလည်း ရန်ကုန်-ပြည်လမ်း အရှေ့ဘက်ပဲခူးရိုးမအကြားကျေးရွာတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
ဇွန် ၁၇ ရက် ဒီကနေ့နံနက် ၂ နာရီခန့်မှာလည်း မင်းလှမြို့နယ်၊ ဖားလေးကွင်းမြောက်စုမှာ လက်နက်ကြီးဗုံးသီးကျရောက်ပေါက်ကွဲတာကြောင့် သက်ကြီးပိုင်းအငြိမ်းစားကျောင်းအုပ်ဆရာမ ၁ ဦး သေဆုံး ပြီး အတူနေမိန်းကလေး ၁ ဦးလည်း လက်ချောင်းပြတ်တောက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ