ညောင်လေးပင်၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၅။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ သံတံတားစံပြကျေးရွာမှာ အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ 9 Stars UG အဖွဲ့ဆီက သိရပါတယ်။
ကောလင်း၊ ဒီဇင်ဘာ၂၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းက သစ်ဖုလတောင်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အား ၅၀ ဝန်းကျင်တပ်စွဲနေတဲ့ သစ်ဖုလရွာကို ဒီဇင်ဘာ ၁၈ ရက် ညပိုင်းကနေစလို့ တော်လှန်ရေးတပ်တွေဘက်က သွားရောက်တိုက်ခိုက်ခဲ့ကာ ၁၉ ရက် မနေ့က မနက်ပိုင်းအထိတိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“သစ်ဖုလမှာ တပ်စွဲထားတဲ့စကစကို ကိုယ့်ဘက်ကသွားတိုက်တာပေါ့။ စကစဘက်က ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ထိခိုက်ဒဏ်ရာရတဲ့သူလည်းရှိတယ်။ အထိအတွေ့မှာတော့ ရဲဘော် တယောက်ကျတယ်”လို့ တိုက်ပွဲအခြေအနေကိုသိရှိသူတဦးကပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်တွေပြန်လည်ဆုတ်ခွာခဲ့ပြီး စစ်တပ်ကအဲ့ဒီတောင်မှာပဲ တပ်စွဲထားတယ်လို့ သိရပါတယ်။ သစ်ဖုလတောင်ကို စစ်တပ်က ၂၀၂၁ အာဏာသိမ်းကတည်းက တပ်စွဲထားတာပါ။
တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အပြင် တိုက်ပွဲဖြစ်ပြီးနောက် မနေ့က မနက် ၁၀ နာရီလောက်မှာလည်း သစ်ဖုလတောင်အနီးက ကျောက်တန်းရွာကို လေကြောင်းတိုက်ခိုက်ကာ စက်လက်တွေနဲ့လည်းပစ်ခတ်ခဲ့ပြီး ထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် နေ့လယ် ၂ နာရီမှာလည်း ကြိုးကြာဥရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်း ၁ လုံးပျက်စီးပြီး ကျောင်းဝန်းအတွင်း စပါးလှန်းနေတဲ့အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တိုက်ပွဲအခြေအနေကိုသိရှိသူတဦးက ပြောပါတယ်။
အဲ့ဒီနောက် မနေ့ကညပိုင်းမှာလည်း ဝန်းသို ၁၀၁ တပ်ကနေ ကောလင်းမြို့နယ်အရှေ့ခြမ်းကို ဟောင်ဝစ်ဇာတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
သတင်း – မြတ်
ညောင်လေးပင်၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၅။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ သံတံတားစံပြကျေးရွာမှာ အုပ်ချုပ်ရေးမှူး ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ 9 Stars UG အဖွဲ့ဆီက သိရပါတယ်။
ပစ်သတ်ခံရသူဟာ သံတံတားစံပြကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၄၅ နှစ်အရွယ် နိုင်ဝင်းဆိုသူဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်ညနေ ၅ နာရီကျော်မှာ ရွာထဲရှိ အမှတ် ၉ ရပ်ကွက်လမ်းပေါ်မှာ ပစ်သတ်ခံရတာလို့ ဆိုပါတယ်။

“သူကဆိုင်ကယ်နဲ့လာတာကို လိုက်ပစ်ရတာ။ သူကလည်း မောင်းပြေးတာ။ သူလည်း လည်တယ်။ သူ့အိတ်ကို ဖြုတ်ထားပြီးပြီ။ အသီး(လက်ပစ်ဗုံး)ကို နှိုက်နေတာ။ ခေါင်းကို သုံးချက်ပစ်ခဲ့တာ”လို့ 9 Stars UG တာဝန်ခံ မြွေပွေးကပြောပါတယ်။
သေနတ်ကျည်ထိလို့ အုပ်ချုပ်ရေးမှူး ဝင်းနိုင် ဟာ နေရာမှာတင်သေဆုံးပြီးနောက် သူ့ဆီကနေ လက်ပစ်ဗုံး ၂ လုံး၊ မှတ်ပုံတင်၊ ကားသော့နဲ့ ဖုန်း ၁ လုံးတို့ကို သိမ်းယူရရှိခဲ့တယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးဝင်းနိုင်ဟာ စစ်ကော်မရှင်ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက် ပြည်သူတွေ ကိုဖိအားပေးတာ၊ စစ်မှုထမ်းကြေး ၁ လ ၂၀,၀၀၀ ကျပ်ကောက်ခံတာ၊ စစ်မှု့ထမ်းပေါ်တာဆွဲတာလည်းလုပ်တာကြောင့် ခုလိုပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ညောင်လေးပင်ရဲစခန်းက ရဲတွေလာရောက်စစ်ဆေးပြီး အလောင်းကိုဆေးရုံကို ယူဆောင်သွားကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၈ ရက်ကလည်း ညောင်လေးပင်မြို့နယ်၊ စီပင်ကျေးရွာ၊ ဝိသဖန်းအင်းအနီး ဝန်းကျင်မှာ စီပင်ရွာအုပ်ချုပ်ရေးမှူးတပည့် ပျူစောထီးအဖွဲ့ဝင် မင်းမင်းဆိုသူပစ်သတ်ခံရလို့ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း
ရေတာရှည်၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျေးရွာတရွာက ဒေသခံတွေဟာ စစ်ကော်မရှင်ပြုလုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ၃ ရက်ဆက်ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲဦးဆောင်ပါဝင်သူဆီက သိရပါတယ်။
ဒေသခံ အင်အား ၅၀၀ ကျော်က ဒီဇင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ ရေတာရှည်မြို့နယ်၊ မြောက်ပိုင်းကျေးရွာတရွာမှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းကို ကျေးရွာတဝိုက်မှာ ချီတက်လမ်းလျှောက်ဆန္ဒပြတာ၊ စုဝေးဆန္ဒပြတောင်းဆိုတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“၂၀၂၅ အခု အတုအယောင်ရွေးကောက်ပွဲကို နေ့စဥ်မပြတ် ဆန္ဒပြချီတက်ကန့်ကွက်တဲ့အနေနဲ့ ရက်ဆက်ဆန္ဒပြပွဲကို ပြုလုပ်ခဲ့တာ၊ အဓိကရည်ရွယ်ချက်က စကမရွေးကောက်ပွဲလုပ်တယ်ဆိုတာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘဲ ပြည်သူလူထုကို လိမ်ညာဂျင်းထည့်ပြီး သူတို့ရဲ့စစ်သက်တမ်းကြာရှည်ပြီး စစ်ကျွန်ဘဝကို ရေရှည်ဖြစ်ထွန်းဖို့ရာ ပြည်သူကို သက်သက်ခုတုံးလုပ်တာကို နိုင်ငံတကာကလည်းသိဖို့ရာအတွက် ကမ္ဘာ့သတင်းမီဒီယာတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာရာ ရည်ရွယ်ပြီးလုပ်တာ”လို့ ဆန္ဒပြပွဲ ဦးဆောင်ပါဝင်သူတဦးက ပြောပါတယ်။
သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးပြန်လွတ်ပြီး ဖက်ဒရယ်နိုင်ငံတော်ပေါ်ပေါက်ဖို့ဆက်လက် ဆန္ဒပြသွားမှာလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်ကလည်း ရေတာရှည်မြို့နယ်မြောက်ခြမ်းတနေရာမှာ ဒေသခံရာကျော်က ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – M
ပေါင်းတည်၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၅။
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကွေ့မကျေးရွာမှာ နေအိမ်အတွင်းရှိနေတဲ့ ရာအိမ်မှူးတဦးကိုပစ်ခတ်ရာ သေဆုံးခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံဆီက သိရပါတယ်။
ကွေ့မရွာ ရာအိမ်မှူး အသက် ၅၀ ဝန်းကျင်အရွယ်ရှိ ကိုထွန်း ကို ဒီဇင်ဘာ ၁၈ ရက် ည ၈ နာရီကျော်မှာပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“အိမ်မှာတော့ သူမိသားစုတွေရှိတယ်။ ဒါပေမယ့် မဆိုင်တဲ့သူတွေကို ဘာမှမလုပ်ခဲ့ဘူး။ သေနတ်နဲ့တော့ ၂ ချက်ပစ်ခတ်ရှင်းလင်းခဲ့တယ်။ သူကတော့ခုခံချိန်တောင်မရလိုက်ပါဘူး။”လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ Shadow ကပြောပါတယ်။
သေနတ်နဲ့အနီးကပ်ပစ်ခံရလို့ ရာအိမ်မှူးကိုထွန်းမှာ ဦးခေါင်းနဲ့ရင်ဘတ်ကျည်ထိပြီး နေရာတင် သေဆုံးပြီး အလောင်းကိုတော့ ည ၁၀ နာရီကျော်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နဲ့ရဲတွေက စစ်ဆေးယူသွားတယ်လို့ သူကပြောပါတယ်။
ရာအိမ်မှူး ကိုထွန်းဟာ စစ်မှူထမ်းလိုက်လံဖမ်းဆီးရာမှာ ပါဝင်တာ၊ ကျေးရွာအတွင်း စစ်မှုထမ်းကြေးကို ၁ လကို ကျပ် ၅ သောင်းကနေ ကျပ် ၁ သိန်းထိ ကိုယ်တိုင်လိုက်လံ ကောက်ယူနေတာ၊ ကျေးရွာမှာ လာရောက်တည်းခိုသူတွေကို ဧည့်စာရင်းမတိုင်ရင် ရိုက်နှက်တာတွေလည်းလုပ်တတ်တဲ့အတွက် ခုလို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၃ ရက်ကလည်း သဲကုန်းမြို့နယ်၊ ညောင်ပင်စုကျေးရွာက ကြက်ဝိုင်းမှာ ကျေးရွာနေ ရဲသတင်းပေးဖြစ်သူ သန်းဇော်ဆိုသူပစ်သတ်ခံရပြီး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း
ရေတာရှည်၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျေးရွာတရွာက ဒေသခံတွေဟာ စစ်ကော်မရှင်ပြုလုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ၃ ရက်ဆက်ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲဦးဆောင်ပါဝင်သူဆီက သိရပါတယ်။
ဒေသခံ အင်အား ၅၀၀ ကျော်က ဒီဇင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ ရေတာရှည်မြို့နယ်၊ မြောက်ပိုင်းကျေးရွာတရွာမှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းကို ကျေးရွာတဝိုက်မှာ ချီတက်လမ်းလျှောက်ဆန္ဒပြတာ၊ စုဝေးဆန္ဒပြတောင်းဆိုတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“၂၀၂၅ အခု အတုအယောင်ရွေးကောက်ပွဲကို နေ့စဥ်မပြတ် ဆန္ဒပြချီတက်ကန့်ကွက်တဲ့အနေနဲ့ ရက်ဆက်ဆန္ဒပြပွဲကို ပြုလုပ်ခဲ့တာ၊ အဓိကရည်ရွယ်ချက်က စကမရွေးကောက်ပွဲလုပ်တယ်ဆိုတာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘဲ ပြည်သူလူထုကို လိမ်ညာဂျင်းထည့်ပြီး သူတို့ရဲ့စစ်သက်တမ်းကြာရှည်ပြီး စစ်ကျွန်ဘဝကို ရေရှည်ဖြစ်ထွန်းဖို့ရာ ပြည်သူကို သက်သက်ခုတုံးလုပ်တာကို နိုင်ငံတကာကလည်းသိဖို့ရာအတွက် ကမ္ဘာ့သတင်းမီဒီယာတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာရာ ရည်ရွယ်ပြီးလုပ်တာ”လို့ ဆန္ဒပြပွဲ ဦးဆောင်ပါဝင်သူတဦးက ပြောပါတယ်။
သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးပြန်လွတ်ပြီး ဖက်ဒရယ်နိုင်ငံတော်ပေါ်ပေါက်ဖို့ဆက်လက် ဆန္ဒပြသွားမှာလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်ကလည်း ရေတာရှည်မြို့နယ်မြောက်ခြမ်းတနေရာမှာ ဒေသခံရာကျော်က ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း
မြေလတ်အသံ၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ ပေါက်မြို့နယ်က ရွာတွေကိုစစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် သောင်းနဲ့ချီတဲ့ဒေသခံတွေ နေရပ်ကနေတိမ်းရှောင်နေကြရတယ်လို့ အညာမြေအရပ်ဖက်အဖွဲ့အစည်း (မြိုင်) တာဝန်ရှိသူနဲ့ဒေသခံတွေဆီက သိရပါတယ်။
ပခုက္ကူမြို့နယ်၊ ဇောင်ဂျမ်းကုန်းကျေးရွာကို အင်အား ၁၅၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းက ဒီဇင်ဘာ ၁၉ ရက် ဒီကနေ့မနက်မှာ ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေအရပ်ဖက်အဖွဲ့အစည်း (မြိုင်)မှ တာဝန်ရှိသူက ပြောပါတယ်။
ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်အစပ်ကိုစစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ ဒီဇင်ဘာ ၁၈ ရက်မှာ မြိုင်မြို့နယ်၊ ကမ္မမြို့ကတဆင့် တွင်းမရွာကိုရောက်ရှိကာ ညအိပ် တပ်စွဲခဲ့ပြီးနောက် ဒီကနေ့မနက် ၆ နာရီခန့်မှာ ပခုက္ကူမြို့နယ်၊ ဇောင်ဂျမ်းကုန်းရွာဘက်ကိုထွက်လာပြီး မနက် ၉ နာရီခန့်မှာ ဝင်ရောက်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
အင်တာဗျူး – “မီးရှို့တဲ့အနေအထားမှာ တရွာလုံးနီးပါးလောက်ကုန်မယ့် သဘောတရားရှိတယ်။ ဒရုန်းနဲ့ ရိုက်တဲ့ဓာတ်ပုံတွေ ကြည့်ရတာအရ တော့တရွာလုံးပတ်ရှို့တယ်။ အဲ့ကနေမှ အရှေ့တောင်ဖက် ဆက်ထွက်ပြီးတော့မှ ဖောင်းကွဲရွာ နားတဝိုက်ကိုရောက်သွားတယ်လို့ သိရတယ်။ ကမ္မရဲ့ အရှေ့မြောက် ၄ မိုင်အတွင်းမှာ ရောက်နေတယ်လို့သိရတယ်။”အညာမြေအရပ်ဖက်အဖွဲ့အစည်း (မြိုင်)မှတာဝန်ရှိသူက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ မြိုင်မြို့နယ်စက်မှု ၂ ကနေ ဒီဇင်ဘာ ၁ ရက်မှာစတင်ထွက်လာပြီး ပခုက္ကူမြို့နယ်က ကန်ဇောက်၊ ကမ္မ၊ ကင်းရွာ စတဲ့ကျေးရွာတွေကို လှည့်လည်စစ်ကြောင်းထိုးခဲ့တယ်လို့ ဆိုပါတယ်။
အင်တာဗျူး – “ဒီစစ်ကြောင်းက ၁၂ လပိုင်း ၁ ရက်နေ့က စက်မှု ၂ ကနေထွက်လာတဲ့စစ်ကြောင်းဗျ။ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ မြိုင်နယ်အရှေ့တောင်ပိုင်းမှာ စစ်ကြောင်းထိုးတယ်မီးရှို့တယ်။ ၁၃ ရက်နေ့မှာ ကမ္မပြန်ရောက်ပြီး ၁၃၊ ၁၄ မှာ ကမ္မကိုမီးရှို့တယ်။အိမ်ခြေ ၁၀ အိမ်လောက်ကုန်တယ်။ ၁၆၊ ၁၇ မှာ ကန်ဇောက်ရွာကိုမီးရှို့ပြီး ၁၈ ရက်နေ့မှာ ကမ္မပြန်ရောက်တယ် ကမ္မကနေ မနေ့ကပြန်ထွက်တယ်။”လို့ ဆိုပါတယ်။
ဒီမနက်မီးရှို့ခံရတဲ့ ဇောင်ဂျမ်းကုန်းကျေးရွာဟာ အိမ်ခြေ ၆၀ ခန့်ရှိပြီး လေကြောင်းကနေလည်း ၃ ကြိမ်ထပ်မနည်းတိုက်ခိုက်ခံခဲ့ရပြီး ဒေသခံတွေလည်းအရေးပေါ်စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
မြိုင်မြို့နယ်၊ အိုရင်း၊ ရွာသစ်၊ ပခုက္ကူမြို့နယ်၊ ဇောင်ဂျမ်းကုန်း၊ ရေလာ၊ ဖောင်းကွဲ၊ ထန်းတပင် စတဲ့ကျေးရွာတွေက ဒေသခံ ၁ သောင်းကျော် စစ်ရှောင်နေကြရတယ်လို့ ဆိုပါတယ်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့အနီးကကျေးရွာတွေကိုလည်း ဒီဇင်ဘာ ၁၇ ရက် မနက် ၉ နာရီလောက်စတင်ပြီး စစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ဒေသခံ ၄,၀၀၀ ကျော်တိမ်းရှောင်နေရတယ်လို့ ပေါက်မြို့ခံတွေဆီက သိရပါတယ်။
ပေါက်အခြေစိုက် ကပစ ၂၄ ကခြေလျင်ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းက စသိန်းရွာကို ဝင်ရောက်ကာ နေအိမ် ၃ လုံးကိုမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
အင်တာဗျူး – “စစ်ကြောင်းထိုးလာတာက မနက်ပိုင်းက စထိုးလာတာ၊ ပေါက် ကပစ ၂၄ တပ်ကနေ ခြေလျင် စစ်ကြောင်းထိုးလာတာ၊ စစ်ကြောင်းထိုးလာတာ ၁၀၀ လောက်တော့ရှိတယ်၊ စသိန်းရွာက နေအိမ် ၃ လုံးကို မီးရှို့တယ်၊ လက်ရှိမှာတော့ စစ်ကြောင်းက စသိန်းရွာထဲမှာ ရှိနေသေးတယ်”လို့ ပေါက် ဒေသခံတဦးက ပြောပါတယ်။
စသိန်းရွာမှာ အိမ်ခြေ ၃၀၀ နဲ့ လူဦးရေ ၂,၀၀၀ ကျော်ရှိပြီး ရွာထဲမှာစစ်ကော်မရှင်စစ်ကြောင်း ရှိနေတာကြောင့် တရွာလုံးစစ်ဘေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
ခုလိုစစ်ကြောင်းထိုးတာကြောင့် ပေါက်မြို့အတွင်းက ချောင်းဝရွာ၊ ဝက်ပုတ်ရွာ၊ ညောင်ပင်သာရွာ၊ ပေပင်ရှင်မရွာ၊ ကျွန်တိုင်းရွာ၊ ဂွေးဂုံရွာ၊ စာသိန်းရွာ၊ ဂဲပင်အင်းရွာ၊ ညောင်ရင်းရွာတွေက ဒေသခံတွေ ၄,၀၀၀ ကျော်စစ်ရှောင်ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
အင်တာဗျူး – “ပေါက်မြို့ ကပစ ၂၄ ကနေ ၁၃ ရက် မနက်ပိုင်းကို ချောင်းဝရွာကို ရောက်တယ်။ ၁၃ ရက် ညနေပိုင်းမှာ ကျွန်းတိုင်းရွာကိုရောက်တယ်။ စသိန်းရွာကို ၁၆ ရက် ညနေပိုင်းမှာ ရောက်လာတာ၊ စသိန်းရွာက ပေါက်မြို့ရဲ့မြောက်ဘက်မှာရှိတာ၊ ပေါက်မြို့နယ်ကို မြေပြင်ကော ဝေဟင်ကော ထိုးစစ်ဆင်နေတာ၊ ပြည်သူတွေကတော့ လေကြောင်းရန်နဲ့ ခြေလျင်စစ်ကြောင်းရန်ကြောင့် ရှောင်တိမ်းနေရတာ၊ ဆောင်းတွင်းကာလလည်းဖြစ်တော့ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ အနွေးထည်၊ စောင်တွေ လိုအပ်နေပါတယ်”လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်ကလည်း ပေါက်မြို့နယ်၊ သပြေညိုတောင်ပေါ်ရှိ သပြေညို ရေနံမှော်ကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲချတာကြောင့် ချက်ဖို ၁ ခုနဲ့ တဲ ၁ လုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
တည်းဖြတ် – M
အောင်လံ၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၅ ။
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ မြင့်ဦးရွာနဲ့ ညောင်ပင်ဆိပ်ရွာအကြားမှာ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပြီး PDF ၆ ဦးကျဆုံးခဲ့တယ်လို့ အောင်လံအခြေစိုက်ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးထံက သိရပါတယ်။
ဒီဇင်ဘာ ၁၈ ရက် ယမန်နေ့ ညနေ ၅ နာရီခွဲမှာ ကံမ(သရက်)မြို့နယ်ဘက်ကို ဧရာဝတီမြစ်ကူးမယ့်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးဟာ မြင့်ဦးကျေးရွာနဲ့ညောင်ပင်ဆိပ်ကျေးရွာအကြားကိုရောက်ရှိစဥ် ကင်းပုန်းဝပ်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
” နယ်မြေဖြတ်သန်းသွားလာတာ၊ ပုန်းနဲ့တိုးပြီး ထိတွေ့တိုက်ပွဲဖြစ်တာ”လို့ ဖြစ်စဥ်ကိုသိရှိတဲ့ အောင်လံဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
ထိတွေ့ပစ်ခတ်မှုအတွင်း ကာကွယ်ရေးအဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့ပြီး ကျဆုံးတပ်ဖွဲ့ဝင်တွေက ဧရာဝတီတိုင်း PDFတွေ ဖြစ်ကြောင်း ကနဦးစုံစမ်းသိရှိထားရပေမယ့် ဘယ်တပ်ရင်း၊ တပ်ဖွဲ့ကဆိုတာ မသိရသေးဘူးလို့ သူက ပြောပါတယ်။
တိုက်ပွဲအတွင်း PDF တွေပါလာတဲ့လက်နက်အချို့လည်း စစ်ကော်မရှင်ဘက်က သိမ်းဆည်းရရှိသွားပြီး အရေအတွက်ကိုတော့ စိစစ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အောင်လံမြို့နယ်အတွင်းမှာ PDF ၆ ဦးကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး သေနတ် ၄ လက်နဲ့ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်ဆိုကာ ရေးသားဖော်ပြကြပါတယ်။
စစ်ကော်မရှင်တယ်လီဂရမ်တွေမှာ ဖော်ပြထားတဲ့ ကျဆုံး PDF ရုပ်အလောင်းမှတ်တမ်းဓာတ်ပုံတွေဟာ နယ်မြေဖြတ်သန်းသွားလာရင်း ထိတွေပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့ PDF တွေမှန်ကန်ကြောင်း အခင်းဖြစ်နေရာအနီးရှိ မြင့်ဦးနဲ့ ညောင်ပင်ဆိပ်ရွာဒေသခံတွေဘက်က အတည်ပြုပြောဆိုတယ်လို့ အထက်ပါဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
စာတည်း – ဟိန်းစံ
မြေလတ်အသံ၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမနဲ့ ဧရာဝတီမြစ်ကြောင်းဆိပ်ကမ်းတို့ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆီပေပါ ရာနဲ့ချီ မီးလောင်ဆုံးရှုံးခဲ့ပြီး သေဆုံးသူတွေလည်းရှိခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးက ပြောပါတယ်။
ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမပေါ်ရှိ မြေနီချိုလမ်းဆုံကနေ ထနောင်းကိုင်းလမ်းဆုံကြားထိ ကုန်ကားတွေ ပိတ်မိနေတဲ့နေရာကို ဒီဇင်ဘာ ၁၈ ရက်မနက် ၁၁ နာရီကနေ နေ့လယ် ၁ နာရီကျော်အထိ တိုက်လေယာဥ် ၄ စီး၊ ဂျိုင်ရိုကော်ပတာ ၃ စီးတို့နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၁ ဦးမီးလောင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။



“သေဆုံးတဲ့သူကျား/မ အသက်အရွယ်ခွဲလို့ မရပါ။ သေဆုံးတဲ့သူက လေကြောင်းတိုက်ခိုက်မှုကြောင့် လုံးဝကောက်လို့မရဘူး။ ကောက်လို့မရတဲ့ အခင်းအကျင်းမှာ မီးလောင်တယ်။ မီးလောင်တော့ ဆီခြံမှာရှိတဲ့ ဆီပေပါတွေရော၊ ၁၂ ဘီးကားကြီးထဲမှာ ဆီပေပါတွေကအပြည့်တင်ထားတာဆိုတော့ ဆီပေပါတွေရော၊ ဆီခြံတွေရောအကုန်လောင်တာ။ လောင်တဲ့အတွက်ကြောင့် Deadbody ကကောက်လို့မရတော့ဘူး”လို့ ခင်ဦးမြို့နယ်ပအဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီဗုံးကြဲမှုအတွင်း သေဆုံးသူ ၁ ဦးအပြင် နောက်ထပ်အမျိုးသား၊ အမျိုးသမီး ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူကိုတော့ မီးငြှိမ်းသတ်ပြီးချိန်မှာတောင် အမျိုးသား၊ အမျိုးသမီး ခွဲခြားလို့မရတော့တဲ့ အခြေအနေဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြေနီချိုလမ်းဆုံအနီးရှိ ယာဥ်ကြောပိတ်ဆို့တဲ့နေရာမှာ ဆီပေပါတွေ နှစ်ထပ်အပြည့်တင်ဆောင်ထားတဲ့ ၁၂ ဘီးကား ၁ စီး၊ ဆီဘောက်ဆာကားတွေ၊ ခြံခတ်သိုလောင်ထားတဲ့ ရာနဲ့ချီတဲ့ ဆီးပေပါတွေအကုန်းးလုံး မီးလောင်ပျက်စီးခဲ့သလို ဆီတွေဟာလည်း ကားလမ်းမပေါ်ကနေ ဒလဟောစီးကျခဲ့တယ်လို့ သူကဆိုပါတယ်။

“မီးလောင်ဆုံးရှုံးသွားတဲ့ ဆီပေပါတွေအကုန်လုံးက ပုဂ္ဂလိကပိုင်တာတွေပါ။ တော်လှန်ရေးတပ်တွေပိုင်တဲ့ပစ္စည်း တခုမှမပါဘူး။ ခြံခတ်ထားတာက စစ်ဘေးလွတ်ရာနေရာတွေမှာ အရောင်းအဝယ်လုပ်နိုင်ဖို့ သိုလောင်ထားတာပါ” လို့ ခင်ဦးမြို့နယ်ပအဖ တာဝန်ရှိသူတဦးကပြောပါတယ်။
ဒီဇင်ဘာ ၁၅ ရက်လောက်ကစလို့ ဗျူဟာလမ်းပိုင်းပေါ်မှာ ပိတ်မိနေကြတဲ့ကုန်ကားနဲ့ ခရီးသွားကားတွေဟာ ခင်ဦးကနေ ကန့်ဘလူဘက်ကိုသွားမယ့် ကားတွေဖြစ်ကြပြီး အဲ့ဒီကားတွေကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ခင်ဦး-ကန့်ဘလူမြို့နယ်စပ် ကျီကျင်းရွာမှ ဂိတ်ဖွင့်ပြီးပိတ်ဆို့ထားတာကြောင့် ယာဥ်ကြောပိတ်မိနေတာလို့ ဒေသခံတွေကပြောပါတယ်။
အလားတူ ဒီဇင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်နေ့ တို့မှာလည်း ခင်ဦး-စဉ့်ကူး-သပိတ်ကျင်း မြို့နယ်အစပ်ရှိ ဆိပ်ကမ်းတွေကို တိုက်လေယာဥ်တွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံတွေထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီး အသေးစိတ်အခြေအနေတွေကိုမသိရှိရသေးဘူးလို့ အထက်ပါပအဖတာဝန်ရှိသူက ပြောပါတယ်။
၃ ရက်ဆက်ဗုံးကြဲမှုအတွင်း သေဆုံး၊ ဒဏ်ရာရရှိသူအမြောက်အများရှိနိုင်ပေမယ့် မြေပြင်ချိတ်ဆက်မှု အခက်အခဲတွေကြောင့် ၁ ဦးသာအတည်ပြုနိုင်ခဲ့ပြီး အခုလိုထိခိုက်သေဆုံးသူတွေဟာ ခရီးသွားပြည်သူတွေ၊ ကားသမားတွေနဲ့ စစ်ဘေးရှောင်တွေဖြစ်ကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၆ ရက်မှာပဲ ရွှေဘိုမြို့နယ်၊ ရွာသစ်ကုန်းနဲ့ မအူကျေးရွာ အနီးမှာ ပိတ်မိနေကြတဲ့ ကားတန်းတွေ ကို တိုက်ခိုက်ရေးလေယာဥ်နဲ့ ဗုံး ၇ ကြိမ်တိုက် ခိုက်ခဲ့သလို Gyrocopter ၃ စီးနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၁ ပါးနဲ့ ဒေသခံ ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း