ဖြူး၊ စက်တင်ဘာ ၂၊ ၂၀၂၅
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မြို့ချောင်းတံတားပေါ် လမ်းလျှောက်လာတဲ့ လူငယ်အမျိုးသား ၂ ဦးကို တံတားစောင့်စစ်ကော်မရှင်တပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်လို့ ၂ ဦးစလုံးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေဆုံးသူတွေဟာ အောင်စည်ယွန်းကျေးရွာနေ အသက် ၁၆ နှစ် မောင်ဟိန်းဝေစိုးနဲ့ အသက် ၁၈ နှစ် ကိုမျိုးဇော်အောင်တို့ဖြစ်ပြီး စက်တင်ဘာ ၁ ရက် ယမန်နေ့မနက် ၈ နာရီ မိနစ် ၃၀ ခန့်မှာ အောင်စည်ယွန်းရွာကနေ မြို့ချောင်းကျေးရွာကို သွားရောက်စဥ် တံတားပေါ်မှာ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
“တံတားပေါ်ဖြတ်နေတုန်း ပစ်ခံရတာ။ ၁ ယောက်က တံတားပေါ်မှာဆုံးတယ်။ ၁ ယောက်က ရွာရောက်မှဆုံးတာ။ ခြေလျင်သွားကြတာ။ စကစဘက်က တံတားနားမှာ စခန်းလုပ်ထားတာရှိတယ်။ ၁ ယောက်ကအိမ်ကိုပြန်ပြေးရင်း ဆေးရုံပို့မမီဘဲ အိမ်မှာဆုံးသွားတာပါ” လို့ အောင်စည်ယွန်းရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မြို့ချောင်းတံတားစောင့် စစ်ကော်မရှင်တပ်ဖွဲ့က လူငယ် ၂ ဦး လမ်းလျှောက်လာတာကို မေးမြန်းတာမရှိဘဲ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် မောင်ဟိန်းဝေစိုးမှာ ရင်ဘတ်ကျည်ထိဒဏ်ရာနဲ့နေရာမှာသေဆုံးသွားခဲ့ပြီး မောင်မျိုးဇော်အောင် ကတော့ ဝမ်းဗိုက်ကျည်ထိဒဏ်ရာနဲ့ နေအိမ်အရောက်မှာ သေဆုံးသွားတာလို့ သိရပါတယ်။
တံတားပေါ်မှာ သေဆုံးသွားတဲ့ ဟိန်းဝေစိုးအလောင်းကို စစ်ကော်မရှင်တပ်ဖွဲ့က ကောက်ယူသွားပြီး ဖြူးဆေးရုံကိုပို့ဆောင်ပြီးနောက်မှာ ယမန်နေ့ညပိုင်းမှာ အလောင်းကို သင်္ဂြိုဟ်လိုက်ကြတယ်လို့ ဖြူးဆေးရုံနဲ့နီးစပ်သူတွေထံက သိရပါတယ်။
အဆိုပါ မြို့ချောင်းတံတားပေါ်ကို ဒေသခံပြည်သူတွေက ပုံမှန်သွားလာနေကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လလယ်ပိုင်းကစတင်ကာ မြို့ချောင်းကျေးရွာမှာ ကင်းပုန်းဝပ်နေထိုင်လာတာကြောင့် မြို့ချောင်းတံတားအပေါ်မှာ ဒေသခံပြည်သူဖြတ်သန်းသွားလာမှု နည်းသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်ကလည်း ဖြူးမြို့နယ်၊ ဝဲဒေါင့်ဝဲကြီးကျေးရွာတိုက်ပွဲမှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လေယာဥ်နဲ့ဗုံးကြဲလို့ ပြည်သူ ၄ ဦးသေဆုံးကာ ၅၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။
နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့-AAPP ရဲ့ စက်တင်ဘာ ၁ ရက် ယမန်နေ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သားသေဆုံးမှု ၇,၁၆၉ ဦး ရှိပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စာတည်း – ဟိန်းစံ