မြင်းခြံ၊ စက်တင်ဘာ ၁၊ ၂၀၂၅။
မန္တလေးတိုင်းအခြေစိုက် မြင်းခြံခရိုင်တပ်ရင်း ၁၀ က တပ်ဖွဲ့ဝင် ၄ ဦး တပ်ရင်းကထွက်ပြေးသွားခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၄ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ထွက်ပြေးသွားသူတွေက တပ်ဖွဲ့ဝင် မျိုးမင်းသိန်း၊ လွင်ဦး၊ စိုင်းဇင်ထွန်း၊ နိုင်ဝင်းတို့ ၄ ဦးဖြစ်ပြီး ဩဂုတ်လတတိယအပတ်လောက်မှာ တာဝန်ကျရာနေရာတွေကနေ တဦးနဲ့တဦးချိတ်ဆက်ပြီး တရက်တည်း အတူထွက်ပြေးသွားကြတာလို့ ဆိုပါတယ်။

“ကျနော်တို့ တပ်ရင်းရဲ့ ထုတ်ပြန်ထားတဲ့စည်းကမ်းတွေကို မလိုက်နာဘဲ ထွက်ပြေးသွားတယ်။ အရင်သတ်မှတ်ထားတဲ့ စည်ကမ်းရှိသလို လတ်တလောထုတ်ပြန်ထားတဲ့ စည်းကမ်းရှိတယ်။ ဒါတွေကိုမလိုက်နာနိုင်လို့ ပြေးသွားကြတာ။ သူတို့က အရင်ကတော့ LPDF အဖွဲ့တခုကပါ။ အသေးစိတ်တော့ ပြောလို့မရသေးဘူး”လို့ မြင်းခြံခရိုင်တပ်ရင်း ၄ တာဝန်ရှိသူတဦးကပြောပါတယ်။
သူတို့ ၄ ဦးဟာ ထွက်ပြေးသွားပြီးနောက် တပ်ရင်းနဲ့ပတ်သက်ပြီး တိုက်ခိုက်ပြောဆိုမှုတွေရှိလာတဲ့အတွက် တပ်ပြေးတွေအဖြစ်ကြေညာရတာလို့ သူကဆက်ပြောပါတယ်။

ထွက်ပြေးသွားတဲ့သူ ၄ ဦးဟာ ၂ ပတ်ခန့်ကြာလာတဲ့အထိ စစ်ကော်မရှင်တပ်ဆီ ဘက်ပြောင်း ခိုလှုံသွားတာမျိုး သတင်းမရသေးပေမယ့် ၎င်းတို့နေထိုင်ခဲ့တဲ့ ကျေးရွာတွေက စခန်းငယ်အချို့ ဆုတ်ခွာရတာ၊ တပ်ရင်းတွေမှာ ကတုတ်ကျင်းတွေ ပြင်ဆင်ရတာ၊ တပ်စခန်းလုံခြုံရေးတိုးမြှင့်ရတာနဲ့ လေကြောင်းရန် အန္တရာယ်အတွက် ကြိုတင်ကာကွယ်မှုတွေပြုလုပ်ထားရတယ်လို့ သိရပါတယ်။
၄ ဦးစလုံးဟာ ၂၀၂၅ ဇန်နဝါရီလလောက်အတွင်းမှ LPDF အဖွဲ့တခုကနေ မြင်းခြံခရိုင်တပ်ရင်း ၁၀ ကိုပြောင်းရွှေ့လာကြတာလို့သိရပြီး ဘယ် LPDF အဖွဲ့ကနေ ပြောင်းလာတယ်ဆိုတာကိုတော့ တပ်ရင်းတာဝန်ရှိသူတွေဘက်က ထုတ်ဖော်ပြောကြားတာမျိုးမရှိပါဘူး။

ဩဂုတ် ၂၄ ရက်ကလည်း ကျောက်ဆည်ခရိုင်အမှတ် ၂ တပ်ရင်းက ဆေးတပ်သား ၁ ဦးနဲ့ထောက်ပို့ ၁ ဦး စစ်ကော်မရှင်တပ်ဆီ ဘက်ပြောင်းသွားတယ်လို့သိရပါတယ်။
စာတည်း – လင်း