ဆော၊ စက်တင်ဘာ ၃၀၊ ၂၀၂၆။
မကွေးတိုင်း၊ ဆောမြို့နယ်၊ တောင်ဘိုကြီးကျေးရွာမှာ စစ်တပ်စစ်ကြောင်းက ပြည်သူနေအိမ် ၁၅ လုံးထက်မနည်း မီးရှို့ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်ကစတင်ပြီး အာဏာသိမ်းစစ်တပ် စစ်ကြောင်းဟာ ကျေးရွာဘုန်းကြီးကျောင်း မြောက်ဘက်ခြမ်းက ပြည်သူတွေရဲ့ နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
“တောင်ဘို့ကြီးက မီးရှို့ခံရတာ ပထမဆုံး အကြိမ်ပါပဲ။ ရွာမှာက စစ်ကြောင်းရောက်ကတည်းက အများစုက ရှောင်ရတာ။ မနေ့က မီးရှို့ပြီး တနာရီလောက်အကြာမှာ နေအိမ် ၁၀ လုံးကျော် ကုန်သွားပြီး။ မီးကလောင်စာကုန်သွားလို့ ညနေပိုင်းလောက်မှ ငြိမ်းသွားတာ။ သူတို့ရှိနေတော့ ဘယ်သူမှလည်း မငြိမ်းရဲကြဘူးလေ”လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်မီးရှိူ့လို့ အနည်းဆုံးနေအိမ် ၁၅ လုံး မီးလောင်ပျက်စီးနိုင်ပြီး ကျေးရွာပြင်ပကနေ မီးလောင်မှုအခြေနေကို စောင့်ကြည့်နေသူတွေရဲ့ ပြောပြချက်အရ မီးလောင်အိမ်ခြေ ပိုများနိုင်တယ်လို့ ဆိုပါတယ်။
နေအိမ်တွေကို မီးရှို့ခဲ့တဲ့ စစ်တပ်အဖွဲ့ဝင်တွေဟာ စက်တင်ဘာလ ၂၀ ရက်နေ့က ကျေးရွာထဲကို အင်အား ၈၀ ခန့်နဲ့ရောက်လာပြီး ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲနေတာလို့ ဆိုပါတယ်။
စစ်ကြောင်းဟာ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကျေးရွာထဲမှာ ဆက်လက်ရှိနေသေးတာကြောင့် မြေပြင်အပျက်အစီး အတိအကျသိရဖို့ စုံးစမ်းနေဆဲလို့ သိရပါတယ်။
စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ဆောမြို့နယ်၊ သီးကုန်းကျေးရွာ အထိုင်ချ တပ်စွဲထားတဲ့ စစ်တပ်က ကျေးရွာထဲက နေအိမ်တွေကို မီးရှို့လို့ နေအိမ် ၃ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Photo – Google Earth