မြေလတ်အသံ၊ ဒီဇင်ဘာ ၂၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ(အုပ်ချုပ်ရေးမှူး) ဖမ်းဆီးခံရပြီးနောက် အသတ်ခံလိုက်ရကြောင်း ဒေသခံတွေထံက သိရပါတယ်။
အသတ်ခံရသူမှာ ဗဟင်းရွာပအဖတာဝန်ခံ အသက် ၄၃ နှစ် ဝန်းကျင်ရှိ ဦးလှအောင် ဖြစ်ပြီး ၎င်းနဲ့အတူရပ်ကျေးပအဖအဖွဲ့ဝင် ၂ ဦးကို နိုဝင်ဘာ ၂၃ ရက် ည ၁၂ နာရီခန့်က နေအိမ်မှာ ရှိနေချိန် လက်နက်ကိုင်လူတစုက ဖမ်းခေါ်သွားခဲ့တာလို့ ဆိုပါတယ်။
” ဖမ်းသွားပြီးတော့ အသက်မရှိတော့ဘူး။ ကွယ်လွန်သွားပြီဆိုပြီး ဖမ်းသွားတဲ့အဖွဲ့က (ပအဖတာဝန်ခံ)မိသားစုဝင်တွေကို အကြောင်းကြားလာတာ” လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ ဗဟင်းရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် ၄ ရက်အကြာ နိုဝင်ဘာ ၂၇ ရက်မှာ ပအဖတာဝန်ခံ ဦးလှအောင် သေဆုံးသွားပြီဖြစ်ကြောင်း အကြောင်းကြားလာခဲ့တာဖြစ်ပြီး ရုပ်အလောင်းကို မိသားစုထံပြန်မပေးဘူးလို့ သိရပါတယ်။
ဗဟင်းပအဖတာဝန်ခံအပါ ၃ ဦး ဘာကြောင့်ဖမ်းဆီးအသတ်ခံရတယ်ဆိုတာ မသိရပေမယ့် ဖမ်းဆီးမခံရမီ နိုဝင်ဘာ ၂၃ ရက် ညဦးပိုင်းမှာ ဗဟင်းမြို့အတွင်း ဆိုင်ကယ်အိတ်ဇောသံကျယ်လောင်စွာစီးနင်းတဲ့လူငယ်တချို့ကို ပအဖတာဝန်ခံ ဦးလှအောင်နဲ့အဖွဲ့က ဖမ်းဆီးရိုက်နှက်ခဲ့ပြီးနောက် အဲ့ဒီညပိုင်းမှာပဲ အခုလိုဖြစ်ပွားခဲ့တာလို့ အထက်ပါမြို့ခံက ပြောပါတယ်။
” ဖမ်းတဲ့ချိန်မှာ(ဆိုင်ကယ်စီးတဲ့သူတွေကို)ရိုက်တဲ့သူတွေ ဘယ်သူတွေပါလည်းဆိုပြီး ပအဖတာဝန်ခံရယ်၊ ရိုက်တဲ့သူရယ်၊ စာရေးတယောက်ရယ် သုံးယောက်ကို ခေါ်သွားတာ” လို့ ပြောပါတယ်။
ပအဖက ဖမ်းဆီးရိုက်နှက်တဲ့လူငယ်တွေအနက် ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တဦးပါဝင်ပြီး ပအဖလက်ကနေပြန်လွတ်လာပြီးနောက် အဲ့ဒီရိုက်နှက်မှုအပေါ်မကျေနပ်တာကြောင့် ပအဖတာဝန်ခံအပါ ၃ ဦးကို ပြန်လည်ဖမ်းဆီးသွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ထားပါတယ်။
ဆက်လက်ဖမ်းဆီးခံထားရတဲ့ ပအဖအဖွဲ့ ဝင် ၂ ဦးမှာလည်း ၈ ရက်ကြာ ဒီဇင်ဘာ ၁ ရက်အထိပြန်လွတ်မလာသေးဘူးလို့ သိရပါတယ်။