ဝက်လက်၊ နိုဝင်ဘာ ၄၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မောက္ကဒီးကျေးရွာကနေ စစ်ကော်မရှင်တပ်ဖမ်းဆီးသွားတဲ့ ပြည်သူ ၄၀ ကျော် ၃ ရက်ကြာတဲ့အထိ ပြန်မလွတ်သေးဘူးလို့ ဝက်လက်မြို့နယ်ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူထံက သိရပါတယ်။
နိုဝင်ဘာ ၂ ရက် မနက် ၆ နာရီခန့်မှာ ရွာသာကြီးနဲ့ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ဘက်ကလာတဲ့ စစ်ကော်မရှင်ပူးပေါင်းစစ်ကြောင်းအင်အား ၆၀ လောက်က မောက္ကဒီးကျေးရွာထဲကို ဝင်ရောက်ကာ အရပ်သားတွေကိုဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
” စစ်ကြောင်းရောက်လာတာကို မသိလိုက်တဲ့သူတွေအဖမ်းခံရတာ။ ဒီနေ့လည်းတခေါက်ထပ်ဝင်သေးတယ်။ ဒီနေ့တော့လူမပါသွားဘူး။ ပထမတခေါက်က ဝင်တုန်းကဖမ်းသွားတဲ့သူတွေဘဲရှိတယ်။ ဒီနေ့ထိတော့ပြန်မလွတ်လာသေးဘူး”လို့ ဝက်လက်မြို့နယ်ပကဖသတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ မောက္ကဒီးဒေသခံတွေဟာ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့အမျိုးသမီးတွေအများစုဖြစ်ပြီး သူတို့ရဲ့ကိုယ်ရေးအချက်အလက်တွေကို စိစစ်နေဆဲဖြစ်ကာ လက်ရှိမှာ အဲ့ဒီရွာခံ ၄၀ ကို ရွာသာကြီးကျေးရွာမှာ ဖမ်းဆီးထားတာဖြစ်တယ်လို့ သိရပါတယ်။
မောက္ကဒီးကျေးရွာကို စစ်ကော်မရှင်စစ်ကြောင်း ၂ ကြိမ်ဝင်ရောက်ထားတာကြောင့် အိမ်ခြေ ၂၀၀ ခန့်ရှိ မောက္ကဒီးရွာက ဒေသခံ ၇၀၀ ထက်မနည်းဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။
စာတည်း – ဟိန်းစံ