မြေလတ်အသံ၊ ဩဂုတ် ၁၇၊ ၂၀၂၆။
ဩစတြေးလျနိုင်ငံသူ အသက် ၁၈ နှစ်အရွယ်ဆယ်ကျော်သက် ဂေါက်သီးရိုက် အားကစားမယ်ဂျက်စီကာဘန်းဟာ ဦးနှောက်သွေးကြောပေါက်မှုကြောင့် ထိုင်းနိုင်ငံမှာ ကွယ်လွန်သွားခဲ့ပါတယ်။
ဒေလီတယ်လီဂရပ်ဖ် သတင်းဌာနရဲ့ ဖော်ပြချက်အရ သူမဟာ ဩဂုတ် ၁ ရက်နေ့မှာ ရုတ်တရက် လဲကျသွားခဲ့လို့ ဘန်ကောက်မြို့ရှိ Synphaet Ramintra ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရပါတယ်။
ဩစတြေးလျအမျိုးသမီး ကြေးစားဂေါက်သီးအားကစားအဖွဲ့ချုပ် (WPGA Tour of Australia) က ဂျက်စီကာဘန်း ကွယ်လွန်သွားခဲ့ပြီလို့ ကြာသပတေးနေ့ညက ထုတ်ပြန်ချက်တခုမှာ ဖေါ်ပြထားပါတယ်။
“ထိုင်းနိုင်ငံမှာ ဆယ်ကျော်သက် ဂေါက်သီးအားကစားမယ် ဂျက်စီကာဘန်း ကွယ်လွန်သွားခဲ့တဲ့အတွက် WPGA Tour of Australia နဲ့ ဩစတြေးလျ ဂေါက်သီးအားကစား အသိုင်းအဝိုင်းတခုလုံး အလွန်ပဲ ဝမ်းနည်းကြေကွဲရပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“အခုလို အလွန် ဝမ်းနည်းစရာကောင်းတဲ့ အချိန်မှာ ဂျက်စီကာဘန်းရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ သူမကို ချစ်ခင်ကြသူတွေ အားလုံးနဲ့အတူ WPGA Tour of Australia နဲ့ ဩစတြေးလျ ဂေါက်သီးအားကစား အသိုင်းအဝိုင်းက ထပ်တူထပ်မျှ ဝမ်းနည်းနေပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဂျက်စီကာဘန်းဟာ ကိုရီးယား အမျိုးသမီး ကြေးစားဂေါက်သီးရိုက် ပြိုင်ပွဲအတွက် နိုင်ငံတကာ လက်ရည်စစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ထိုင်းနိုင်ငံမှာ လေ့ကျင့်ပြင်ဆင်နေတာ ဖြစ်ပါတယ်။
သူမဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက Moss Vale မှာ ကျင်းပခဲ့တဲ့ Women’s NSW Open Regional Qualifying ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒါဟာ သူမရဲ့ ၅ ကြိမ်မြောက် ကြေးစားပြိုင်ပွဲ ယှဉ်ပြိုင်မှုမှာတင် ပထမဆုံးအကြိမ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။
အဆိုပါပြိုင်ပွဲမှာ ဂျက်စီကာဘန်းဟာ နောက်ဆုံးပွဲစဉ်မှာ ၈ ချက်အောက် စံချိန်နဲ့ စုစုပေါင်း ၆၅ ချက် ရိုက်နိုင်ခဲ့တာကြောင့် ဒုတိယဆုရသူကို ၅ ချက်အသာနဲ့ အနိုင်ရရှိခဲ့ပြီး Moss Vale ဂေါက်ကလပ်ရဲ့ စံချိန်သစ်ကိုပါ တင်နိုင်ခဲ့တယ်လို့ Australian Golf Digest က ဖော်ပြခဲ့ပါတယ်။
News & Photo: ABC News