ဆော၊ ဇူလိုင် ၂၇၊ ၂၀၂၆။
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကြံခင်းကျေးရွာနဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တလိုင်းကျွန်းကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ကလေးငယ်အပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
ဇူလိုင်လ ၂၆ ရက်နေ့ နေ့လည် ၂ နာရီခန့်မှာ ဆောမြို့ကို ဦးတည်ကာ စစ်ကြောင်းဝင်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းက ဆောမြို့နယ်၊ သီးကုန်းကျေးရွာအရှေ့ဘက် ကြံခင်းကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

“ဒရုန်းနဲ့လာတာဆိုတော့ ဗုံးက လေးလုံးကြဲသွားတာ။ ထိတဲ့သူတွေက နေ့လယ်ပိုင်းဆိုတော့ နေအိမ်နားမှာ ရှိနေချိန်ထိကြတာ။ သေတဲ့နှစ်ယောက် အိမ်နီးနားချင်းတွေ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
အဆိုပါ ဗုံးကြဲမှုကြောင့် အသက် ၁၃ နှစ်အရွယ်နဲ့ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတို့ နေရာမှာပင် သေဆုံးပြီး နောက်ထပ် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားမှာ ခြေထောက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

အလားတူ အဲ့ဒီနေ့ည ၁၂ နာရီခန့်မှာလည်း စစ်ကိုင်းမြို့နယ်၊ တလိုင်းကျွန်းကျေးရွာထဲကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာက ကျေးရွာထဲကို ဗုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။
“ဗုံးက စာသင်ကျောင်းထဲကျတာ။ ရဲဘော်တွေ ထိတာ မရှိဘူး။ စာသင်ကျောင်း ပတ်ဝန်းကျင်မှာနေတဲ့ လင်မယား ၂ ဦး သေတာရှိတယ်။ အဆောက်အဦးတွေလည်း ပျက်စီးတယ်”လို့ ဝက်လက်မြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။



ဗုံးကြဲခံရမှုကြောင့် အသက် ၅၀ ကျော်အရွယ် ဒေါ်စန်းနွယ်နဲ့ သူရဲ့အမျိုးသားဖြစ်သူ ဦးရွှေဒေါင်းတို့ လင်မယား ၂ ဥဦးသေဆုံးကာ၊ ကျေးရွာစာသင်ကျောင်းနဲ့ နေအိမ်တွေအပါအဝင် အဆောက်အဦး ၅ လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကြောင်းထိုးတာနဲ့ လေကြောင်းဗုံးကြဲခံရမှုတွေကြောင့် ဆောမြို့နယ်ထဲက ကြံခင်းကျေးရွာနဲ့ စစ်ကိုင်းမြို့နယ်ထဲက တလိုင်းကျွန်းရွာက ပြည်သူတွေဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကလည်း အရာတော်မြို့နယ်၊ ကံရင်းကျေးရွာမှာ ဗုံးထိမှန်လို့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။