ဆားလင်းကြီး၊ ဇန်နဝါရီ ၅၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မတောင့်တကျေးရွာရှိ တိုက်နယ်ဆေးရုံ ဗုံးကြဲခံရပြီး CDM ဆရာဝန် ၁ ဦးသေဆုံးကာ ကလေး ၁ ဦးအပါ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၄ ရက် နေ့လယ် ၂ နာရီခန့်မှာ နမခ ကနေ တက်လာတဲ့ စက်တပ်လေထီးက တိုက်နယ်ဆေးရုံပေါ်ကို ဗုံး ၁ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲဘာညာမရှိဘဲ အပြန်မှာကြဲသွားတဲ့သဘောပါ။ ဆေးရုံရဲ့စားဖိုဆောင်မှာကျတာ။ ဆရာဝန် ၁ ယောက်ထိတယ်။ ပြီးတော့ စားဖိုဆောင် အလုပ်လုပ်တဲ့သူတွေထိတယ်။”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ဆေးရုံကို ဗုံးကြဲခံရတာက သတင်းပေးတွေရဲ့ သတင်းပေးပို့ချက်တွေနဲ့ စစ်ကော်မရှင်ဘက်က လေကြောင်းကင်းထောက်မှုတွေကြောင့် နေရာအတိအကျနဲ့ဗုံးလာကြဲသွားတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဗုံးထိမှန်တာကြောင့် အသက် ၄၀ အရွယ် CDM ဆရာဝန် အမျိုးသား ၁ ဦးသေဆုံးသွားပြီး အသက် ၈ နှစ်အရွယ် ယောက်ျားလေး ၁ ဦး၊ စားဖိုဆောင်တာဝန်ကျသူ အသက် ၄၀ အရွယ် အမျိုးသား ၂ ဦးတို့ ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဆေးရုံရဲ့ စားဖိုဆောင်နဲ့ လူနာဆောင်တို့ထိခိုက်ပျက်စီးပြီး လူနာတွေတော့ ထိခိုက်သူမရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၂၀ ရက်ကလည်း ဆားလင်းကြီးမြိုနယ်၊ ထန်းပုကျေးရွာကို စစ်ကော်မရှင်ဘက်က စက်တပ်လေထီးနဲ့ဗုံးကြဲလို့ အရပ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း




