မြေလတ်အသံ၊ မေ ၂၀၊ ၂၀၂၅။
တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက်က စီးပွားရေးလုပ်ငန်းတွေကို စစ်ကောင်စီက ချေးငွေတွေ ထုတ်ချေးခဲ့ပေမယ့် ထိုက်သင့်သလောက် အောင်မြင်မှုမရှိခဲ့ဘူးလို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုပါတယ်။
မေ ၁၉ ရက် နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင်က စီးပွားရေးကဏ္ဍနဲ့ပတ်သက်ပြီး အခုလိုထည့်သွင်းပြောဆိုခဲ့တာကို ၎င်းတို့စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြပါတယ်။
“ အလုပ်လုပ်နိုင်အောင်ဖန်တီးပေးရန်နှင့် တိုက်တွန်းပေးရန်မှာအစိုးရတွင်တာဝန်ရှိပြီး မိမိတို့အနေဖြင့် ချေးငွေများထုတ်ချေးခြင်း၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့သော်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ လုပ်ငန်းများ ထိုက်သင့်သလောက် အောင်မြင်မှုမရှိခဲ့ကြောင်း” ဆိုကာ စစ်ခေါင်းဆောင်က ပြောဆိုပါတယ်။
စစ်ခေါင်းဆောင်က ၎င်းတို့စစ်ကောင်စီအနေနဲ့ မူဝါဒသာချမှတ်ပေးမှာဖြစ်ပြီး တိုင်းနဲ့ပြည်နယ်တွေက အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စိုက်ပျိုးရေးလုပ်ငန်းတွေမှာလည်း ရည်မှန်းချက်မပြည့်မီဘဲ ဆီထွက်သီးနှံနဲ့ပတ်သက်ပြီး အထွက်နှုန်းအားနည်းနေဆဲဖြစ်ကာ ပြည်ပကနေတင်သွင်းနေရဆဲဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
စစ်ကောင်စီခန့် တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့ စစ်ခေါင်းဆောင်စိတ်တိုင်းကျ ဗိုလ်ချုပ်ဟောင်းအများစုကို တာဝန်ပေးထားသူတွေဖြစ်ပြီး သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်အလိုက် ဝန်ကြီးတွေမှာလည်း စစ်ကောင်စီနဲ့နီးစပ်သူအများစုက တာဝန်ယူထားတာပါ။
” အောက်ကဝန်ကြီးချုပ်တွေကို အပြစ်တင်နေပေမယ့် သူတို့မှာအာဏာအပြည့်အဝမရှိဘူး။ တကယ့်တကယ်လွတ်လွတ်လပ်လပ်စီမံခွင့်အာဏာက သူ့ဆီမှာပဲ အပြည့်အဝချုပ်ကိုင်ထားတာ။ ဒီစီးပွားရေးအလုပ်မဖြစ်တာက ခင်ဗျားတို့အသုံးမကျလို့ သူ့မှာတင်တာဝန်ရှိတာမဟုတ်ဘူး၊ ခင်ဗျားတို့လည်း တာဝန်ရှိတယ်ဆိုတာမျိုး ပြောတဲ့သဘော” လို့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
” ဒီစိုက်ပျိုးရေးလုပ်ငန်းဆိုလည်း ဖြောင့်ဖြောင့်တန်းတန်းလုပ်မရဘူး၊ လေယာဥ်ဗုံးကြဲတာနဲ့ စစ်ကြောင်းထိုးလို့ ပျက်တာနဲ့ စစ်ကြောင်းထိုးပြီဆိုလည်း လယ်ခင်း၊ ယာခင်းတွေထဲက သွားပြီဆိုရင် စစ်ပိုးကျပြီး အကုန်ပျက်တာပဲ။ အခု သူတို့က အဖျက်အမှောက်လုပ်ငန်းတွေလုပ်နေပြီးမှာ ဘယ်လိုလုပ် တိုးတက်မှာလဲ” ၎င်းက ဆက်ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီအနေနဲ့ နိုင်ငံရဲ့ ၃ ပုံ ၁ ပုံ ၃၂ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်ပြီး ၄၄ ရာ ခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့က စိုးမိုးထိန်းချုပ်ထားနိုင်ကာ ကျန် ၂၄ ရာခိုင်နှုန်းနယ်မြေတွေမှာ တော်လှန်စစ်ဖြစ်ပွားနေတယ်လို့ ယခုနှစ်ဆန်းပိုင်းမှာ NUG အစိုးရက ထုတ်ပြန်တဲ့ ၂၀၂၄ စစ်ရေး ဖြစ်ပေါ်တိုးတက်မှု အစီရင်ခံစာမှာ ဖော်ပြပါတယ်။