ဆားလင်းကြီး၊ ဧပြီ ၅၊ ၂၀၂၃။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ထဲမှာ ဧပြီလ ၄ ရက်မနေ့ညနေ ၅ နာရီလောက်က ၆ ဘီးကားတစီး ချောက်ထဲပြုတ်ကျရာက ယာဥ်မောင်းသေဆုံးခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
ပြည်မြို့၊ ခေတ္တရာမြို့သစ်ဂိတ်ကြီးဝန်းအနီးက အသက် ၅၂ နှစ်အရွယ် ယာဥ်မောင်းကိုအောင်မိုးဟာ တောင်ကုတ်မြို့ဘက်ကနေ ပြည်မြို့ကို မောင်းနှင်လာချိန် ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်အုပ်စုအလွန် ပြည် – တောင်ကုတ်ကားလမ်းမှာဖြစ်ခဲ့တာလို့ သိရပါတယ်။

“အခုဖြစ်တဲ့နေရာက ကုန်းဆင်းလည်းဖြစ်တော့ အရှိန်လွန်ပြီး လမ်းရဲ့ဘယ်ဘက်ခြမ်းချောက်ထဲပြုတ်ကျတာပါ။ ယာဥ်မောင်းကတော့ ပွဲချင်းပြီးပေါ့” လို့ ဒေသခံတဦးက ပြောပါတယ်။
NISSON အမျိုးအစားယာဥ်ကို ကိုအောင်မိုး တယောက်တည်းမောင်းနှင်လာတာဖြစ်ပြီး ပေ ၂၀၀ အနက် ချောက်ထဲကို ပြုတ်ကျခဲ့တာလို့လည်း ဆိုပါတယ်။
အလောင်းကို ဥသျှစ်ပင်လူမူကူညီရေးအသင်းက ဆယ်ယူပြီး ပန်းတောင်းဆေးရုံရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၅ ရက်ညကလည်း ပန်းတောင်းမြို့နယ်၊ ပုသိမ် – မုံရွာလမ်းကျွဲရဲရွာအနီးမှာ မုံရွာကနေ ပုသိမ်ကိုမောင်းလာတဲ့ခရီးသည်တင်ကားနဲ့ တိုက်မိပြီး ဆိုင်ကယ်သမား သေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း