◾️ သူ့ဆရာ စစ်မှုထမ်းဟောင်းတဦးကို ဖမ်းဆီးစဥ် ထွက်ပြေးလို့ ပစ်ခတ်ရာသေဆုံး
လက်ပံတန်း၊ ဩဂုတ် ၂၁၊ ၂၀၂၆။
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ခေါင်းလောင်းတိုင်ကျေးရွာအနီးမှာ PDF တွေရဲ့ သတင်းကို လာရောက် ထောက်လှမ်းနေတဲ့ ပြည်သူ့စစ်မှုထမ်းတဦးကို အရှင်ဖမ်းမိပြီး၊ သူ့ဆရာဆိုသူ စစ်မှုထမ်းဟောင်းကတော့ ဖမ်းဆီးနေစဥ် ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားတယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
ကျေးရွာထဲမှာ စစ်မှုထမ်းသင်တန်းဆင်းတပ်သား တဦးရောက်နေကြောင်း သတင်းအရ ဩဂုတ်လ ၁၈ ရက်နေ့မှာ သွားရောက်ဖမ်းဆီးရာ စစ်မှုထမ်းအပတ်စဥ် ၂၃ ဆင်း တပ်သားအငယ်လေးဆိုသူကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် သူကိုစစ်ဆေးမေးမြန်းရာ ကျေးရွာအနီး ရိုးမပတ်လမ်းနားမှာနေထိုင်တဲ့ သူ့ရဲ့ဆရာ အသက် ၅၀ အရွယ် စစ်မှုထမ်းဟောင်း ဦးထွန်းထွန်းဆိုသူအား သွားရောက်ဖမ်းဆီးစဥ် ထွက်ပြေးခဲ့တာကြောင့်ပစ်ခတ် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“ကောင်လေးက စစ်မှုထမ်းသင်တန်း ၃ လဆင်းပြီး။ သူကအဲရွားသားပဲ သူကိုရွာထဲပြန်လွှတ်ထားတာ PDF သတင်းစုံစမ်းဖို့။ သတင်းရလို့ သူအိမ်မှာ သွားဖမ်းတာ။ ဖမ်းပြီး စစ်ဆေးတော့ မင်းတယောက်တည်းလားဆိုတော့ သူဆရာပါသေးတယ်ဆိုတော့ ဘယ်သူလဲဆိုတော့ ဦးထွန်းထွန်း ဖြစ်နေတယ်။ သူအိမ်သွားတော့ ပြေးတော့ပစ်လိုက်တာ”လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
သေဆုံးသူ ဦးထွန်းထွန်းဟာ စစ်မှုထမ်းဟောင်းတဦးဖြစ်သလို မိုင်းထိထားလို့ ခြေတဖက် ပြတ်နေသူဖြစ်ပြီး သာယာကုန်းကျေးရွာရှိ ရဲကင်းစခန်းကိုလည်း မကြာခဏ ဝင်ထွက်သွားလာနေသူ ဖြစ်ပါတယ်။
ပြည်သူစစ်မှုထမ်း အငယ်လေးဆိုသူမှာလည်း ခေါင်းလောင်းတိုင်ကျေးရွာထဲကို ပြန်လည်ရောက်ရှိနေတာ ၂ လခန့်ရှိနေပြီး PDF အဖွဲ့တွေရဲ့ သွားလာလှုပ်ရှားမှုကို သတင်းထောက်လှမ်းပေးဖို့ တာဝန်ယူထားတာ မှန်ကန်ကြောင်း စစ်ဆေးချိန်မှာ ထွက်ဆိုထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိထားတဲ့ ပြည်သူစစ်မှုထမ်း အငယ်လေးဆိုသူကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်ကို တင်ပြထားပြီး အရေးယူဆောင်ရွက်သွားဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ကလည်း ပဲခူးတိုင်း၊ အုတ်ဖို့မြို့နယ်၊ တိမ်မြုပ်ကျေးရွာမှာ ပျူစောထီး မောင်ဆန်းဆိုသူ နေအိမ်မှာရှိနေချိန် ပစ်သတ်ခံရလို့ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။