စစ်ကိုင်း၊ နိုဝင်ဘာ ၂၃၊ ၂၀၂၅ ။
စစ်ကိုင်းမြို့နယ်၊ အုန်းတော(မြောက်)ရွာအနီးရှိ စစ်ကော်မရှင်တပ်လက်အောက် တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) ရဲ့ကျောင်းအုပ်ကြီး လိုင်းခန်းနေအိမ် သေနတ်နဲ့ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၁ ရက် ည ၈ နာရီခန့်မှာ ကျောင်းဝန်းအတွင်းရှိ ကျောင်းအုပ်ကြီး ဦးစိုးကြည်ရဲ့ဝန်ထမ်းလိုင်းခန်းနေအိမ်ကို လက်နက်ကိုင်လူတချို့က သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာမှာ နေအိမ်အတွင်းရှိနေတဲ့ ကျောင်းအုပ်ကြီးရဲ့ဇနီးဖြစ်သူ အသက် ၄၃ နှစ် ဒေါ်စန်းစန်းဝင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“ကျောင်းထဲဝင်ပစ်တာလို့ သိရတယ်။ ကျောင်းဝန်းထဲမှာ ဝန်ထမ်းအိမ်ယာလိုင်းခန်းထဲ ဝင်ပစ်တာ။ မနေ့က နာရေးချတယ်။ သူ့ယောက်ျားက ကျောင်းအုပ်ကြီးပါ”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။
သေနတ်ပစ်ခတ်မှုကြောင့် ဒေါ်စန်းစန်းဝင်းမှာ ဆီးခုံကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းအတွင်းရှိကားနဲ့ စစ်ကိုင်းဆေးရုံကို အဲ့ဒီညတွင်းချင်းပို့ဆောင်ခဲ့ပေမယ့် ဆေးရုံအရောက်မှာသေဆုံးခဲ့တာလို့ သိရပါတယ်။
ဒေါ်စန်းစန်းဝင်းရဲ့နာရေးကိုတော့ နိုဝင်ဘာ ၂၂ရက် နေ့လယ် ၂ နာရီမှာ သင်္ဂြိုဟ်လိုက်ကြောင်းသိရပြီး အဲ့ဒီပစ်ခတ်မှုကို ဘယ်သူတွေက လုပ်ဆောင်တယ်ဆိုတာတော့ မသိရပါဘူး။
တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဒီဂရီကောလိပ်(စစ်ကိုင်း) ဟာ စစ်ကော်မရှင်တပ်က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ယူထားတဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနလက်အောက် ကောလိပ်ကျောင်းတခုဖြစ်ပြီး အဲ့ဒီကျောင်းကိုတက်ရောက်သူတွေဟာ စစ်သင်တန်းတွေကိုပါပူးတွဲသင်ကြားရတာလည်း ဖြစ်ပါတယ်။
စာတည်း – ဟိန်းစံ
