မူး၊ ဇူလိုင် ၁၇၊ ၂၀၂၆။
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ KNU အုပ်ချုပ်နယ်မြေ၊ မူးမြို့နယ်အတွင်းမှာ တောင်ယာထဲသွားတဲ့ ကရင်အမျိုးသမီး ၂ ဦးဗုံးထိမှန်လို့ သေဆုံးခဲ့တယ်လို့ ဇူလိုင်လ ၁၆ ရက်နေ့မှာ KNU ဗဟိုကသတင်းထုတ်ပြန်ပါတယ်။
လေယာဥ်ဗုံးထိလို့ သေဆုံးသူတွေမှာ မီးရထားကျေးရွာနေ အသက် ၅၇ နှစ်အရွယ် နော်ဘွေဖောနဲ့ အသက် ၅၆ နှစ်အရွယ် နော်လေးဝါးတို့ ၂ ဦးဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်နေ့ နေ့လည်ပိုင်းက ဗုံးထိမှန် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ထိခိုက်သေဆုံးတဲ့နှစ်ယောက်က တောင်ယာထဲသွားတဲ့အချိန် လမ်းမှာထိတာ။ ရွာအနီး အနားပတ်ဝန်းကျင်မှာဖြစ်တာ။ အိမ်မှာရှိနေတဲ့အချိန်ထိကြတာမဟုတ်ဘူး။ အဲနေ့က ကြဲချတာ အားလုံးက အလုံး ၂၀ ကျော်တယ်။”လို့ KNU ညောင်လေးပင်ခရိုင် ပြောရေးဆိုခွင့်ရှိသူ စောဟဲဂေက ပြောပါတယ်။
အဆိုပါနေ့မှာ စစ်ကော်မရှင်က Y-12 လေယာဥ်အသုံးပြုပြီး မီးရထားကျေးရွာ၊ ဟီအူးကျေးရွာ၊ ရှဲဒေးကျေးရွာတို့ကို ဗုံးအလုံး ၂၀ ကျော်ကြဲချခဲ့ရာ မီးရထားကျေးရွာအတွင်းက ပြည်သူ ၂ ဦးသေဆူံးပြီး၊ နေအိမ် ၂ လုံးပျက်စီးခဲ့ကာ တခြားကျေးရွာတွေမှာတော့ ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။
ဗုံးထိမှန်သေဆုံးသူတွေရဲ့ နာရေးကိုတော့ ဇူလိုင်လ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး ရွာခံတွေကတော့ ဗုံးကြဲခံရချိန်မှာ ရွာကနေတိမ်းရှောင်ကြရပြီး နောက်ရက်တွေမှာကျေးရွာကို ပြန်လာနေကြတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၆ ရက်နေ့ကလည်း မူးမြို့နယ်၊ နို့ကလော်ကျေးရွာမှာ မိုင်းထိမှန်ပြီး လူငယ်အမျိုးသား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။