မြေလတ်အသံ၊ နိုဝင်ဘာ ၁၈၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးကန်ကျေးရွာတိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ပြီး စစ်ကော်မရှင်တပ်သားတွေရဲ့ လက်နက်တချို့ကိုတော့ရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်သူအမျိုးသားတဦးက ပြောပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဘက်က အင်အား ၁၀၀ ခန့်နဲ့ယာယီတပ်စွဲထားတဲ့ ကျီးကန်ကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၆ ရက်မနက် ၈ နာရီကျော်ကစတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“စစ်ကြောင်းက အဲ့မှာ(ကျီးကန်ရွာ) ထိုင်တုန်းကဗျ။ ၁၆ ရက်နေ့က တနေကုန်ဖြစ်တာဗျ။ ခုအဲ့စစ်ကြောင်းက စိုင်နိုင်ကွေ့ရွာ စကစအထိုင် ပြန်ရောက်သွားပြီဗျ။ သေနတ် ၂ လက်ရတယ်။ ရဲဘော်တယောက်ကျတယ်ဗျ”လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်တဲ့အမျိုးသားတဦးက ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ ရွှေဘိုခရိုင်အမှတ် ၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်တဦးဟာ စစ်ကော်မရှင်တပ်သားတွေ ဆုတ်ပြေးချိန် ကျန်ခဲ့တဲ့ MA-1၊ MA-3 သေနတ် ၂ လက်တို့ကို သွားကောက်ယူနေချိန် ကျည်ထိမှန် ကျဆုံးခဲ့တယ်လို့ အထက်ပါအမျိုးသားကဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး ညနေ ၅ နာရီကျော်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းက ထိခိုက်မှုများ လာတာကြောင့် ကျီးကန်ရွာနဲ့ ၇ မိုင်ခန့်ကွာဝေးတဲ့ စိုင်နိုင်ကွေ့ရွာအထိုင်စခန်းကို ဆုတ်ခွာသွားခဲ့ကြတယ်လို့ သူကဆက်ပြောပါတယ်။
ဝက်လက်မြို့နယ်ကို စစ်ကော်မရှင်တပ်က စစ်ကြောင်း ၃ ကြောင်းခွဲဖြန့်ပြီး နိုဝင်ဘာ ပထမပတ် ကစတင်ကာ စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ကျေးရွာအများအပြား မီးရှို့ခံထားရသလို ကျေးရွာ ၂၀ ကျော်က ဒေသခံတွေဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စာတည်း – လင်း