သပိတ်ကျင်း၊ မတ် ၄၊ ၂၀၂၆။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်တွေပစ်ခတ်တဲ့ ဗုံးစထိမှန်ပြီး ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းက တပ်ဖွဲ့ဝင် ၃ ဦးကျဆုံး ၂ ဦးဒဏ်ရာရတယ်လို့ သက်ဆိုင်ရာအဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ကျဆုံးတပ်ဖွဲ့ဝင်တွေဟာ ဒုတပ်ခွဲမှူးဂျိုကာ (ခ) ရင်သွေးအောင်၊ ဘဲကြီး (ခ) ရန်မျိုးနိုင်၊ တော်ကီ (ခ) နေထက်လင်းတို့ဖြစ်ပြီး မတ်လ ၂ ရက်မနက် ၈ နာရီခွဲမှာ စစ်ကော်မရှင်ရဲ့ဂျက်ဖိုက်ပေါ်ကနေကြဲချတဲ့ ဗုံးစထိမှန်သေဆုံးတာလို့ဆိုပါတယ်။
“(စစ်ကော်မရှင်)စစ်ကြောင်းခွဲထွက်ဖို့လုပ်နေတဲ့ ၁ ကြောင်းကို ကာထားတဲ့အချိန်မှာ ပေါင် ၂၀၀(ဗုံးသီး) ၂ လုံးနဲ့ ရော့ကတ် ၆ လုံးနဲ့ပစ်တာ။ ဗုံးထိပြီးကျတာ လေကွဲလေ။ ထိကွဲဆိုမကျဘူး။ လေကွဲမို့လို့။ မြေပြင်နဲ့ မီတာ ၃၀ လောက်အကွာမှာကွဲပြီး အစမှန်တာ။ ရဲဘော်တွေရှိနေတဲ့နေရာကိုကျတာ။” ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။


ကျဆုံးတပ်ဖွဲ့ဝင်တွေထဲက ဒုတပ်ခွဲမှူး ဂျိုကာ(ခ)ရင်သွေးအောင်ဟာ ၂၀၂၂ ကတည်းက တပ်ဖွဲ့ထဲဝင်လာသူဖြစ်ကာ ရှမ်းမြောက်စစ်ဆင်ရေးအပါအဝင် တိုက်ပွဲတွေပါဝင်ထားသူဖြစ်သလိုကျန် ၂ ဦးကလည်း ၂၀၂၄ ကစပြီး တိုက်ပွဲဝင်နေသူတွေဖြစ်ကာ သူတို့ရဲ့နာရေးကိုတော့ မတ်လ ၂ ရက်မှာပဲ ဈာပနပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်း ၅ နှစ်တာကာလအတွင်း ကျောက်ဆည်ခရိုင်အမှတ် ၂ တပ်ရင်းက တပ်ဖွဲ့ဝင် ၁၅ ဦးထိကျဆုံးထားကာ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေမှာ ၃ ဦး၊ ၁၀၂၇ ပထမပိုင်းနဲ့ဒုတိယအပိုင်း ရှမ်းမန်းစစ်ဆင်ရေးအတွင်း ၉ ဦးနဲ့ ယခုသပိတ်ကျင်းနယ်အတွင်းမှာ ၃ ဦးကျဆုံးထားတယ်လို့ သိရပါတယ်။
စာတည်း – လင်း








