မြင်းခြံ ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အေးမြသီတာကျေးရွာရှိ ပျူစောထီးစခန်းကို PDF တပ်ဖွဲ့တွေ စုပေါင်းစီးနင်းတိုက်ခိုက်ခဲ့လို့ ၆ ဦးသေဆုံးကာ သေနတ် ၁ လက်ရခဲ့တယ်လို့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ထနောင်းမြေစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
နိုင်ဝင်ဘာလ ၂၅ ရက်နေ့ည ၉ နာရီ ၄၅ မိနစ်ခန့်မှာ အေးမြသီတာရွာက ဘုန်းကြီးကျောင်းမှာ အင်အား ၁၇ ဦးနဲ့ တပ်စွဲထားတဲ့ ပျူစောထီးစခန်းကို ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“သီတာယုမွန်လက်အောက်က ပျူစောထီးစခန်းပါ။ တိုက်ပွဲကြာချိန်က ခဏပါပဲ။ ၁၅ မိနစ်လောက်ပဲဖြစ်တာ။ အပြန်အလှန်ပစ်တယ်။ ကျနော်တို့ကပစ်ပြီးတာနဲ့ ဝင်လုံးတာ။ သူတို့က ပစ်ပြီးပြေးတာ။”လို့ ထနောင်းမြေစစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။
ပစ်ခတ်မှုအတွင်း ပျူစောထီး ၄ ဦးနေရာမှာတင် သေဆုံးပြီး ထွက်ပြေးသွားသူတွေထဲက ဒဏ်ရာရသူ ၂ ဦးထပ်မံသေဆုံးတယ်လို့ သတင်းဖြေဆိုသလို မြေလတ်အသံက တိုက်ပွဲရုပ်သံဖိုင်ကိုလည်း ရရှိထားပါတယ်။
ဒါ့အပြင်တိုက်ပွဲအတွင်းမှာ ပျူစောထီးအဖွဲ့တွေသုံးတဲ့ သေနတ် ၁ လက်ကိုလည်း သိမ်းဆည်းရမိခဲ့ပြီးနောက် စစ်ကြောင်းက အဖွဲ့ဝင်တွေ အထိအခိုက်မရှိပြန်ဆုတ်လာနိုင်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့မှာ စစ်တပ်က မြင်းခြံကနေ အနောက်ဘက်ထွက်တဲ့လမ်းကိုပိတ်ပြီး စစ်ဆေးတာမျိုးတွေပြုလုပ်သလို ညပိုင်းမှာလည်း အသေခံဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ အေးမြသီတာကျေးရွာတဝိုက် ပစ်ခတ်တာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုကိုတော့ ထနောင်’မြေစစ်ကြောင်းနဲ့အတူ မြင်းခြံခရိုင်တပ်ရင်း ၁၊ တပ်ရင်း ၂၊ တပ်ရင်း ၉၊ TFM ပြောက်ကျားတပ်ဖွဲ့၊ MPDF၊ MGN အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – မောင်မှိုင်း