မြေလတ်အသံ၊ ဇန်နဝါရီ ၁၇၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ အရာတော်နဲ့ ပေါက်မြို့နယ်က ကလေးငယ်တွေစာသင်ကြားတဲ့နေရာနဲ့ ဆေးပေးခန်းတို့ကို စစ်ကော်မရှင်တပ်က ဇန်နဝါရီ ၁၇ ရက်နေ့လယ် ၁ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၂ ဦးသေဆုံးခဲ့တယ်လို့ Northwest Plains Revolutionary Force – NPRF ဆီက သိရပါတယ်။
တိုက်ခိုက်ရေးလေယာဥ် ၁ စီးအပါအဝင် အသေခံဒရုန်း ၃ စီးတို့နဲ့ ကန်ရင်းကျေးရွာရှိ KG ကလေးငယ် တွေစာသင်နေတဲ့ အဆောက်အဦးနဲ့ အနီးရှိနေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

“စာသင်ကျောင်းတော့ မဟုတ်ဘူးဗျ။ ကလေးတွေကိုစုပြီး မူကြိုသင်တာ။ အဲ့အဆောင်က ရွာလယ်မှာ ရှိတာ။ ဗုံးသီးက ပေါင် ၅၀၀ လို့ယူဆရတယ်။ တော်တော်ပြင်းထန်တာ။ စာသင်ဆောင်လည်း ပျက်စီးသွားတယ်။ အိမ်တွေရောပဲ”လို့ Northwest Plains Revolutionary Force-NPRFမှ တပ်ခွဲမှူး ကိုဝေလင်းက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ချိန်ဟာ ကလေးတွေကို မုန့်စားနားနေချိန်ဖြစ်တာကြောင့် စာသင်ဆောင်ထဲကို ရောက်ရှိနေတဲ့ ၉ နှစ်အရွယ်မိန်းကလေးငယ် ၁ ဦးနဲ့ နေအိမ်မှာရှိနေတဲ့ အမျိုးသား ၁ ဦးတို့သေဆုံးခဲ့ပြီး နောက်ထပ်အမျိုးသား၊ အမျိုးသမီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကိုဝေလင်းက ဆိုပါတယ်။

ကန်ရင်းကျေးရွာဟာ လူနေအိမ် ၁,၀၀၀ ခန့်ရှိကာ ရွာအနီးပတ်ဝန်းကျင်းမှာ စစ်ကြောင်းထိုးနေပြီး တိုက်ပွဲဖြစ်တာတွေမရှိဘဲ လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် ကား ၁ စီး၊ ဆိုင်ကယ် ၃ စီး၊ လူနေအိမ် ၃ လုံးတို့လည်း မီးလောင်ပြာကျပျက်စီးပြီး နွား ၁ ကောင်ပါသေဆုံးခဲ့တယ်လို့ သူကဆိုပါတယ်။
အလားတူ ပေါက်မြို့နယ်၊ တောင်ကံပိုင်ကျေးရွာထဲကိုလည်း ဒီနေ့လယ်ပိုင်းမှာ တိုက်ခိုက်ရေး လေယာဥ်နဲ့ဗုံး သီး ၂ လုံးကြဲချခဲ့တာကြောင့် ကျေးရွာဆေးပေးခန်းနဲ့ လူနေအိမ် ၅ လုံးတို့ ပျက်စီးခဲ့တယ်လို့ ပေါက်ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။


“ဆေးခန်းက သားဖွားဆရာမလောက် ရှိတဲ့နေရာပါ။ ဆေးခန်းနဲ့ အိမ် ၅ လုံးပျက်စီးသွားတယ်။ လူတွေကတော့ ဗုံးခိုကျင်းတွေရှိကြလို့ အထိခိုက်မရှိခဲ့ကြတာ”လို့ ပေါက်ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ဇန်နဝါရီ ၁၆ ရက်အတွင်း စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် သေဆုံးခဲ့တဲ့ဒေသခံ ၇,၆၉၀ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ထားပါတယ်။


စာတည်း – လင်း














