ပန်းတောင်း၊ အောက်တိုဘာ ၂၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်မှာ နှစ်စဉ်ချောင်းကမ်းပါးပြိုကာ နေအိမ်တွေရွှေ့နေရလို့ နိုင်ငံတော်အဆင့်ပြုပြင်ပေးဖို့လိုလားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပန်းတောင်းမြို့နယ်၊ ပဲကြီးအုပ်စု၊ အထက်ပဲကြီးရွာကို ကွေ့ ဝိုက်ပတ်စီးတဲ့ သူရဲတန်းချောင်းကမ်းပါးတွေ ရေတိုက်စားကာပြိုကျတဲ့အတွက် စက်တင်ဘာ (၂၉) ရက်က နေအိမ် (၁) လုံး၊ ဇူလိုင် (၁၀) ရက်က နေအိမ် (၃) လုံးအပါ အခုနှစ်မိုးရာသီအတွင်း စုစုပေါင်းနေအိမ် (၈) လုံးပြောင်းရွှေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
“ရွာပျက်သွားတာတော့ မဟုတ်ဘူး ပြိုကျလိုက် ရွာဘေးက လယ်ကွက်တွေ မြေလွတ်တွေမှာ အိမ်ပြောင်းဆောက်လိုက်ပေါ့။ လယ်ရှိတဲ့သူ ခြံလွတ်ရှိတဲ့သူကလည်း သွားဆောက်ကြတာပေါ့။ မရှိသူကတော့ ဝယ်ရတာ။ ကမ်းပါးမပြိုဖို့က ချောင်းကိုဖြောင့်ရမယ် ရေကာတာတွေလုပ်မယ် နိုင်ငံတော်အဆင့်ပြုပြင်မှရမယ်” လို့ ပဲကြီးအုပ်စုက ဒေသခံတဦးက ပြောပါတယ်။


အထက်ပဲကြီးရွာ ဗိုလ်ရုံကျောင်းဆရာတော်ကလည်း အခုနှစ်အတွင်း ကမ်းပါးပြိုတဲ့အတွက် ပြောင်းရွှေ့ရတဲ့ နေအိမ် (၈) လုံးရှိပြီဖြစ်သလို စာသင်ကျောင်းဟောင်းမြေလည်း ပြိုကျသွားပြီလို့ ဆိုပါတယ်။
“ဒီနှစ်ထဲတင် ပြောင်းရတဲ့အိမ် ၈ လုံးရှိသွားပြီ မနှစ်ကလည်းတော်တော်ပြိုတယ်။ ဦးဇင်းကျောင်းထိုင်တာ ၈ နှစ်ရှိပြီ။ စ ထိုင်တုန်းက အိမ်တန်းက ၅ အိမ်တန်းရှိတယ်။ စာသင်ကျောင်းအဟောင်းဝိုင်း(ကျောင်းမြေ) စာကြည့်တိုက်လည်းမပါသေးဘူး အခုပါသွားပြီး လူတွေဒုက္ခဆင့်တာပေါ”လို့ အထက်ပဲကြီးရွာ ဗိုလ်ရုံကျောင်းဆရာတော်က မိန့်ပါတယ်။
အဲဒီရွာဟာ ကမ်းပါးပြိုကျမှုကို ၁၉၉၀ နှစ်ဝန်းကျင်လောက်ကတည်းက ကြုံတွေ့နေရတာဖြစ်ပြီး ကျေးရွာအတွင်းနေအိမ် (၁၁၀) ဝန်းကျင်ရှိကာ ပြီးခဲ့တဲ့ နှစ်ကလည်း ကမ်းပါးပြိုတဲ့အတွက်နေအိမ် (၁၂) လုံး ပြောင်းရွှေ့ခဲ့ရတယ်လို့ ဆိုပါတယ်။


အလားတူ ပဲကြီးရွာရဲ့အောက်ဘက် ထိပ်ပေါက်အုပ်စု၊ ထိပ်ပေါက်ရွာမှာလည်း အခုနှစ်မိုးရာသီအတွင်း သူရဲတန်းချောင်းကမ်းပါးပြိုကျမှုဟာ နေအိမ်အနီးထိကပ်လာတာမျိုးရှိပေမယ့် ပြောင်းရွှေ့ရတာမျိုးတော့ မရှိသေးဘူးလို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
သူရဲတန်းချောင်းဟာ ရခိုင်ရိုးမကနေစတင်စီးဆင်းလာတာဖြစ်ပြီး အရှည် (၁၆) မိုင်ခန့်ရှိကာ ဧရာဝတီမြစ်အတွင်းကို စီးဝင်သွားတယ်လို့ သိပါတယ်။
သတင်း – သော်တာအောင်