ညောင်လေးပင်၊ အောက်တိုဘာ ၂၆၊ ၂၀၂၆။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၊ မြို့မ ၄ ရပ်ကွက်၊ ရွှေကန်သာ (-) လမ်းက အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်တဲ့ ဖခင်ကို ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ထားတယ်လို့မြို့ခံတွေထံက သိရပါတယ်။
အမှုဖွင့်ဖမ်းဆီးခံရသူက အသက် ၅၀ ကျော်အရွယ် ဦးအာကာမိုးဆိုသူဖြစ်ပြီး အောက်တိုဘာလ ၂၄ ရက်နေ့မှာ ညောင်လေးပင်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
“မိခင်ဖြစ်သူကိုယ်တိုင် ရဲစခန်းမှာ အမှုဖွင့်လို့ ရဲက လာဖမ်းသွားတာ။ ကလေးငယ်ရဲ့ အခြေအနေ မူမမှန်တာကို မိခင်ကသိရှိပြီး မေးမှ ကလေးကပြောလို့ မိခင်က သိသွားတာ။ ဖခင်ခြိမ်းခြောက်မှုခံထားရတော့ ကလေးက မပြောရဲဘူးဖြစ်နေသေးတာ”လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လလောက်ကစတင်ပြီး ဦးအာကာမိုးဟာ သမီးဖြစ်သူကို မိန်းမဖြစ်သူ စျေးရောင်းသွားချိန်တိုင်း သားမယားအဖြစ်ပြုကျင့်ခဲ့ပြီး မိခင်ဖြစ်သူကို ပြန်ပြောပါက သတ်ပစ်ဟုဆိုကာ ခြိမ်းခြောက်ထားတာလို့ ပြောပါတယ်။
၂ လတာ ကာလအတွင်းမှာ ဦးအာကာမိုးက သမီးဖြစ်သူကို သားမယားပြုကျင့်မှ ၅ ကြိမ်ထက်မနည်း ကျူးလွန်ထားပြီး သမီးဖြစ်သူမှ ထုတ်ဖော်ပြောဆိုရဲတာမျိုးမရှိဘဲနေထိုင်ခဲ့ရာ သမီးဖြစ်သူရဲ့ နေထိုင်မှု မူမမှန်တာကြောင့် မိခင်ဖြစ်သူကိ အတင်းအကြပ်မေးမှ ဖြစ်စဥ်ကို သိရတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလကလည်း ပဲခူးမြို့နယ်၊ ကြွယ်ကုန်းကျေးရွာမှာ အသက် ၁၁ နှစ်အရွယ် G4 ကျောင်းသူကို အိမ်နီးချင်းဖြစ်သူ နိုင်လင်းဝေဆိုသူက အဓမ္မပြုကျင်ခဲ့တာကြောင့် ပြစ်မှုကျုးလွန်သူကို ပဲခူးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။