မန္တလေး၊ ဇန်နဝါရီ ၂၇၊ ၂၀၂၅။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ရဲစခန်းကို ဇန်နဝါရီ ၂၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ဒေသခံကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။
စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၆၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီစခန်းကို ကာကွယ်ရေးတပ်တွေ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်ပစ်ခတ်မှု ၁ နာရီခွဲလောက်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
ရဲစခန်းကိုတိုက်ခိုက်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဘက်က လေကြောင်းပစ်ကူပေးခဲ့တာကြောင့် စခန်းကိုမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွါခဲ့ရကာ တိုက်ပွဲအတွင်း ရဲ ၃ ဦးသေဆုံးကာ အဆောက်အဦအချို့ ပျက်စီးခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃၊ မိတ္ထီလာပကဖ၊ နေပြည်တော် အမှတ် ၈၀၁ တပ်ရင်း၊ မိုးမခပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
လက်ရှိမှာတော့ ဝဲလောင်တိုက်နယ် ရဲစခန်းကို စစ်ကောင်စီဘက်က အင်အားထပ်မံဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။
တည်းဖြတ် – HP