မန္တလေး၊ ဇွန် ၁၃၊ ၂၀၂၅။
အင်အားပြင်းငလျင်ကြီးကြောင့် ပြိုကျပျက်စီးသွားတဲ့ မန္တလေးမြို့ Sky Villa အဆောက်အဦထဲက ရုပ်အလောင်း ၉ ခုနဲ့ လက်ဝတ်ရတနာပစ္စည်းတွေထပ်မံတူးဖော်ရရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၁၅၀ ကျော်ထိရှိလာတယ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေထံက သိရပါတယ်။
ဇွန် ၁၂ ရက် ယမန့်နေ့မှာ အဆောင် B၊ အခန်းအမှတ် H-4 မှ အမျိုးသား ၃ လောင်း၊ အမျိုးသမီး ၃ လောင်း ဖော်ထုတ်ရရှိခဲ့ပြီး ဒီကနေ့ ဇွန် ၁၃ ရက်မနက်ပိုင်းမှာ အဆောင် B အခန်းအမှတ် H-2 မှ အမျိုးသား ၁ လောင်း၊ H-4 မှ အမျိုးသမီး ၁ လောင်း၊ H-3 မှ အမျိုးသား ၁ လောင်းတွေ့ရှိခဲ့လို့ ၂ ရက်အတွင်း သေဆုံးအလောင်း ၉ လောင်းကို ထပ်မံတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (MFSD) က ထုတ်ပြန်ပါတယ်။
” ဒီနေ့ ၂ လောင်းတော့ ကျနော်သိရတယ်။ နောက်တလောင်းတော့မသိရသေးဘူး။ မနေ့ကတော့ ၆ လောင်းထွက်တယ်။ မီးသတ်က ထုတ်ပြန်ထားတာဆို ဟုတ်မယ်။ ဒီနေ့အခန်းတခန်းထဲကနေ ပစ္စည်းတွေ ပြန်တွေ့တာရှိတယ် ကျောက်စိမ်းနဲ့ပတ်သက်တာတွေ။ ရှာဖွေမှုတွေကတော့ ဆက်လုပ်နေတုန်းဘဲ “ လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတဦးက မြေလတ်အသံကို ပြောပါတယ်။

မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ပြိုကျပျက်စီးသွားတဲ့ Sky Villa အဆောက်အဦကို ၂ လကျော်ကြာတဲ့အထိ အပျက်အစီးတွေရှင်းလင်းနေရဆဲဖြစ်ပြီး ပြိုကျအပျက်အစီးတွေအောက်နေ သေဆုံးသူတွေရဲ့အလောင်းတွေလည်း ဆက်လက်တွေ့ရှိနေသေးကာ ဒီကနေ့အထိ စာရင်းတွေအရ ကလေး၊ လူကြီး ၁၅၀ ကျော်အထိရှိလာပြီလို့ သိရပါတယ်။
ရှာဖွေကယ်ဆယ်ရေး၊ အပျက်အစီးရှင်းလင်းရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံမီးသတ်၊ မန္တလေးလူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်လုပ်ဆောင်နေပြီး အပျက်အစီး ၅၀ ရာခိုင်နှုန်းကျော်အထိ ရှင်းလင်းပြီးဖြစ်ကာ ကျန်ရှိအဆောက်အဦအပြိုတွေအောက်မှာ နောက်ထပ်အလောင်းတွေလည်းရှိနိုင်သေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ ဇွန် ၁၃ ရက် အပျက်အစီးရှင်းလင်းချိန် အဆောင် B၊ အခန်းအမှတ် W-5 ကနေ ကျောက်ပါလက်စွပ် ၄ ကွင်း၊ ရွှေလက်ကောက် ၃ ကွင်း၊ ရွှေဆွဲကြိုး ၃ကုံး၊ ရွှေဆွဲသီး ၁ ခု၊ ရွှေ ၁ ကျပ်သားတုံး ၂ တုံး၊ ရွှေဟန်းချိန်း ၁ ကွင်း၊ ပုလဲ ၄ လုံး၊ ကျောက်စိမ်းနားကပ် ၁ ရံ၊ ကျောက်စိမ်း ၁ လုံး၊ ကျောက်စိမ်းလက်ကောက် ၁၃ ကွင်း၊ ကျောက်စီလက်ကောက် ၂ ကွင်း၊ ကျောက်စိမ်းအဆောင် ပန်းပုရုပ်နဲ့ ကျောက်အဆောင်ပုတီးတွေတွေ့ရှိတာကြောင့် ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့မှတဆင့် ပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်အဖွဲ့က ထုတ်ပြန်ပါတယ်။
Sky Villa အဆောက်အဦဟာ ၁၁ ထပ်အမြင့် A,B,C,D အဆောင် ၄ ခုနဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး ငလျင်ကြီး လှုပ်ခတ်ချိန်မှာ A အဆောင် အဆောက်အဦအောက်ခြေ ၅ ထပ်ကျွံဝင်ပျက်စီးသွားခဲ့သလို ကျန်အဆောက်အဦအားလုံးလည်း ပြိုကျပျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကိုင်းနဲ့ မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် သေဆုံးသူ ၃,၇၄၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅,၁၀၄ ဦးနဲ့ ပျောက်ဆုံးနေသူ ၆၇ ဦးရှိပြီး တွက်ချက်မှုတွေအရ ငွေကျပ် ၃,၆၂၉ ဒသမ ၂၀၈ ဘီလီယံ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဇွန် ၁ ရက်နေ့ထုတ် စစ်ကောင်စီပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။
စာတည်း – ဟိန်းစံ