မန္တလေး၊ ဒီဇင်ဘာ ၂၈၊ ၂၀၂၅။
ရွေးကောက်ပွဲစတင်တဲ့ ဒီဇင်ဘာ ၂၈ ရက် ဒီနေ့မနက်ပိုင်းမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်းထဲကို ရှော့တိုက်ဒုံးပစ်ခတ်ခံရပြီး ၃ လုံးက ကျုံးထဲကျကာ ၁ လုံးက ရပ်ကွက်ထဲကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရှော့တိုက်ဒုံး ၁ လုံးကျရောက်ခဲ့တဲ့ အောင်မြေသာစံမြို့နယ်၊ အမကဌာနီအရှေ့ရပ်ကွက်၊ ၈၀ လမ်း၊ ၅ လမ်းမှာ မောင်ဖြိုးကိုကို အသက် ၃၂ နှစ်နဲ့ မထားထားဦး အသက် ၃၈ နှစ်တို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး မထားထားဦးကတော့ ဘယ်ခြေကျင်းဝတ်ပြတ်ဒဏ်ရာရခဲ့ကာ နန်းတွင်းထဲကထိခိုက်မှုကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဒီမနက် ၁ နာရီဝန်းကျင်မှာ မြို့တွင်းမှာ ပေါက်ကွဲသံတွေဆက်တိုက်ကြားပြီးနောက်မှာ လက်နက်ကြီးပစ်ခတ်သံတွေပါ ဆက်ကြားခဲ့ရတာလို့ ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ကတော့ ဒီမနက်စစ်ကော်မရှင်ထောက်ခံ မီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာ “စစ်ကိုင်းဘက်က လုပ်တာပေါ့နော်။ ရှော့တိုက်ဒုံး ၄ လုံးမှာ ၃ လုံးက ကျုံးထဲကျတော့ အထိခိုက်မရှိဘူး။ ၁ လုံးကတော့အထဲမှာ ကျတဲ့အတွက် ၂ ယောက်ထိတယ်”လို့ အတည်ပြုထားပါတယ်။
ရွေးကောက်ပွဲကာလမှာ တိုက်ခိုက်ခံရမှုတွေမဖြစ်စေဖို့ ကချင်ပြည်နယ်ခွင်ကိုထိုးနေတဲ့ တပ်မ ၃၃ တခုလုံးကို နိုဝင်ဘာလက နောက်တန်းပြန် ခေါ်ခဲ့ပါတယ်။

အဲဒီနောက်စစ်ကိုင်းတိုင်းကို တာဝန်ပြန်ချထားပြီး စစ်ကြောင်းတွေပြန်ထိုးချိန် ယခုလို မင်းကွန်းရွာဘက်ကနေ ထပ်မံတိုက်ခိုက်ခံရတာပါ။
ဒီပစ်ခတ်မှုကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက လုပ်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
မြို့ခံတွေကတော့ ပေါက်ကွဲမှု နောက်ဆက်တွဲ လမ်းသွားလမ်းလာစစ်ဆေးမှုတွေကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဘက်ကတော့ ရပ်ကွက်ရုံးနဲ့ မဲရုံတွေမှာ ရပ်ကွက်လုံခြုံရေးအဖွဲ့တွေနဲ့ ရဲအင်အား ပူးပေါင်းချထားပြီး လမ်းတွေမှာလည်း အစစ်ဆေး တင်းကျပ်ထားတယ်လို့ သိရပါတယ်။
ဒီကနေ့ ရွေးကောက်ပွဲအပိုင်း ၁ အဖြစ်ကျင်းပမယ့် နိုင်ငံတဝှမ်း မြို့နယ် ၁၀၂ မြို့နယ်ထဲမှာ မန္တလေးတိုင်းအတွင်းက အောင်မြေသာစံမြို့နယ်အပါ စုစုပေါင်း ၈ မြို့နယ်ပါဝင်တယ်လို့ စစ်ကော်မရှင်က ကြေညာထားပါတယ်။
သတင်း – မြတ်