ရွှေဘို၊ ဇန်နဝါရီ ၂၆၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ငပိအိုးကျေးရွာဗုံးကြဲခံရတာကြောင့် ပြည်သူ ၃ ဦးသေပြီး ၈ ဦးဒဏ်ရာရတယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၆ ရက်မနက် ၁ နာရီမထိုးခင်အချိန်မှာ စစ်ကော်မရှင်ရဲ့ဂျက်ဖိုက်တာ ၁ စီးက ငပိအိုးရွာ စာသင်ကျောင်းအနီးကို ပေါင် ၃၀၀ ဗုံး ၁ လုံး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။


“စာသင်ကျောင်းတောင်ဘက် ခြံဝန်း ၂ ဝန်းကျော်လောက်ကို ချသွားတာ။ ဗုံးကတော့ ၁ လုံးတည်းပဲချပြီး တန်းပြန်သွားတာ။ ခြံဝန်းထဲကျတာ အိမ်ကပြောင်ရှင်းသွားတယ်။ အဲ့အိမ်က လင်မယား ၂ ယောက်သေတယ်။ ဘေးဝန်းထဲက ၁ ယောက်သေတာ”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ဗုံးကြဲခံရလို့ အသက် ၅၀ ကျော်အရွယ် ဦးဟန်ငြိမ်း၊ ဇနီးဖြစ်သူ နဲ့ ဦးငြိမ်းအောင်တို့ ၃ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦးအပါအဝင် ၈ ဦးဒဏ်ရာရခဲ့တဲ့အပြင် နွား ၂ ကောင်သေဆုံးပြီး နေအိမ် ၇ လုံးလည်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


ငပိအိုးရွာမှာ အိမ်ခြေ ၂၀၀ နဲ့ လူဦးရေ ၈၀၀ ခန့်ရှိပြီး ဗုံးကြဲခံရပြီးနောက် ဒေသခံအားလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ကလည်း ရွှေဘိုမြို့နယ်၊ အောင်ချမ်းသာကျေးရွာမှာ စစ်ကော်မရှင်တပ်ပစ်တဲ့ လက်နက်ကြီးထိလို့ အမျိုးသမီး ၁ ဦးသေတယ်လို့ သိရပါတယ်။
စာတည်း – လင်း










